“ဟော်မုဇ်ရေလက်ကြားကို အမေရိကန်နယ်မြေအဖြစ် ကြေညာမည်ဟု သမ္မတဒေါ် နယ်ထရမ့် ပြောကြား”
16 Aug
အီရန်ကိုအနိုင်ယူပြီး မကြာမီကာလအတွင်း ဟော်မုဇ်ရေလက်ကြားကို အမေရိကန်နိုင်ငံ၏ ပိုင်နက် နယ်မြေ တစ်စိတ်တစ်ပိုင်းအဖြစ် ကြေညာမည်ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လ ၁၄ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ နယူးယောက်ပြည်နယ် ရဲတပ်ဖွဲ့လေ့ကျင့်ရေးအကယ်ဒမီတစ်ခု၌ ဩဂုတ်လ ၁၄ ရက်တွင် ကျင်းပခဲ့သော နိုင်ငံရေးဆွေးနွေးပွဲတွင် သမ္မတ ဒေါ်နယ်ထရမ့် က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် အမေရိကန်နိုင်ငံအနေဖြင့် အီရန်ကို ရေကြောင်းပိတ်ဆို့မှုပြုလုပ်ထားရာ မိမိတို့၏ဆန္ဒမပါဘဲ မည်သည့်ရေယာဉ်မျှ ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနိုင်မည်မဟုတ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ၎င်းကို ထောက်ခံသူများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ အီရန်၏ နျူကလီးယားအစီအစဉ်ကို တားဆီးရေးအကြောင်းပြချက်ဖြင့် အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က ယခုနှစ်ဖေဖော်ဝါရီလ ၂၈ ရက်တွင် အီရန်ကို စစ်ရေးအရတိုက်ခိုက်ခဲ့ရာ အီရန်ကလည်း ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ထားခြင်းဖြင့် ပြန်လည်တုံ့ပြန်ခဲ့သည်။ လက်ရှိတွင် အမေရိကန်နှင့် အီရန်နိုင်ငံတို့သည် ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်နိုင်ရေးအတွက် အပြိုင်အဆိုင် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။