“ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက် တစ်ရက်လျှင် ရေနံစည်ခြောက်သိန်းတိုးလာနိုင်ဟု OPEC ခန့်မှန်း”
13 Aug
ယခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက်မှာ ယမန်နှစ်ထက် တစ်ရက်လျှင် ရေနံစည်ပေါင်း ၆၀၀,၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းထားသော်လည်း ယင်းပမာဏမှာ ယခင်လက အကဲဖြတ်တွက်ချက်မှုထက် လျော့နည်းသွားကြောင်း ရေနံတင်ပို့သည့် နိုင်ငံများအဖွဲ့(OPEC)က ဩဂုတ်လ ၁၂ ရက်တွင် ပြောသည်။ OPEC 3 အဖွဲ့သည် ၎င်းတို့၏နောက်ဆုံးထုတ်ပြန်သော လစဉ်ရေနံဈေးကွက်အစီရင်ခံစာတွင် ထိုကဲ့သို့ ခန့်မှန်းထားခြင်း ဖြစ်သည်။ အဆိုပါအဖွဲ့က ဇူလိုင်လထုတ် ယခင်အစီရင်ခံစာတွင် ယခုနှစ်အတွင်း ယမန်နှစ်ထက် ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက်မှာ တစ်ရက်လျှင် ရေနံစည် ၈၀၀,၀၀၀ အထိ တိုးလာမည်ဟု ခန့်မှန်းတွက်ချက်ခဲ့သည်။ ယခုနှစ်အတွက် ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက်ခန့်မှန်းမှု လျော့နည်းခဲ့သော်လည်း အစီရင်ခံစာက ၂ဝ၂၇ ခုနှစ်အတွက် ခန့်မှန်းမှုကို ဆက်လက်တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၂၀၂၇ ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ရေနံလိုအပ်ချက်မှာ တစ်ရက်လျှင် ရေနံစည် ၂ ဒသမ ၂ သန်းခန့် အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ယင်းမှာ ယခင်ခန့်မှန်းထားသည့် တစ်ရက်လျှင် ရေနံစည် ၁ ဒသမ ၉ သန်းထက် မြင့်တက်လာခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။