“ကျောက်ဆည်(အင်ရောင်း) ဆေးဝါးစက်ရုံ၌ တစ်ခါသုံးဆေးထိုးအပ်များ ပြန်လည်ထုတ်လုပ်”
26 Jul
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်ရှိ ဆေးဝါးစက်ရုံ(အင်ရောင်း)၌ တစ်ခါသုံးဆေးထိုးအပ်များကို ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းမှစတင်ကာ ပြန်လည်ထုတ်လုပ်နေကြောင်း သိရပါတယ်။ အဆိုပါ ထုတ်လုပ်မှုပြန်လည်စတင်ခြင်းဖွင့်ပွဲသို့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသွင်အောင်၊ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးနှင့် Valves Private Limited ဥက္ကဋ္ဌတို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စက်ရုံအတွင်း ထုတ်လုပ်နေမှု၊ အရည်အသွေးစစ်ဆေးနေမှုနှင့် ထုပ်ပိုးမှုစနစ်များကို လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ ဆေးဝါးစက်ရုံ(အင်ရောင်း)အနေဖြင့် ပြည်တွင်းဆေးဝါးနှင့် ဆေးပစ္စည်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် အများဆုံးအသုံးပြုသည့် 3 ml/cc၊ 5 ml/cc၊ 10 ml/cc နှင့် 20 ml/cc စသည့် အရွယ်အစား ၄ မျိုးကို အဓိကထား၍ တစ်နှစ်လျှင် ဆေးထိုးအပ်အရေအတွက် သန်း ၁၀၀ အထိ တိုးမြှင့်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။ လက်ရှိတွင် စက်ရုံမှ သွေးကြောသွင်းဆေးရည်၊ ထိုးဆေး၊ ဆေးမှုန့်နှင့် လိမ်းဆေး အပါအဝင် ဆေးဝါး အမျိုးအစား ၄၄ မျိုးကို ပုံမှန်ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိရာ ယခုလို တစ်ခါသုံးဆေးထိုးအပ်များ ပြန်လည်ထုတ်လုပ် နိုင်ခြင်းကြောင့် ပြည်တွင်းဆေးပစ္စည်းလိုအပ်ချက်ကို အတိုင်းအတာတစ်ခုအထိ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)