“တောင်အာရှဒေသ၌ မိုးကြီးရေလျှံမှုများကြောင့် အနည်းဆုံးလူ ၈၂ ဦးသေဆုံး”
24 Jul
တောင်အာရှဒေသ၌ မိုးကြီးရေလျှံမှုများကြောင့် အနည်းဆုံးလူ ၈၂ ဦးသေဆုံးထားကြောင်း နိုင်ငံအသီးသီးမှ တာဝန်ရှိသူများက ပြောသည်။ အထူးသဖြင့် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း၊ ပါကစ္စတန်နှင့်အာဖဂန် နစ္စတန်နိုင်ငံတို့၌ ယခုသီတင်းပတ်အတွင်း မိုးသည်းထန်စွာရွာသည့်အတွက် လူသေဆုံးမှုများနှင့်အတူ လယ်ယာ မြေများ၊ ပြည်သူပိုင် အဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယနိုင်ငံ အာသံပြည်နယ်၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ရေကြီးမှုများကြောင့် အနည်းဆုံးလူ ၁၀ ဦး သေဆုံးကြောင်းနှင့် သဘာဝဘေးများကြောင့် ယခုသီတင်းပတ်အတွင်း သေဆုံးသူ ၃၆ ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ ထို့အတူ အာဖဂန်နစ္စတန်နိုင်ငံအရှေ့မြောက်ပိုင်းရှိ နျူရစ္စတန်ပြည်နယ်နှင့်ပါကစ္စတန်နိုင်ငံရှိ ခိုင်ဘာပတ် တန်ခွာပြည်နယ်တို့၌ လွန်ခဲ့သည့် ၇၂ နာရီအတွင်း ရေကြီးမှုများဖြစ်ပွားသည့်အတွက် အနည်းဆုံးလူ ၄၆ ဦး သေဆုံး ကြောင်း သက်ဆိုင်ရာနိုင်ငံများမှ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ တာဝန်ရှိသူများက ဇူလိုင်လ ၂၃ ရက်တွင်ပြောသည်။ နျူရစ္စတန်ပြည်နယ်မှ ဒေသခံတစ်ဦးက ရေကြီးခြင်းနဲ့အတူ အိမ်များ၊ ဟိုတယ်များ ပျက်စီး သွားခဲ့ပြီး အဆိုပါအခြေအနေကြီးသည် တကယ့်ကိုသွေးပျက်စရာကောင်းကြောင်း၊ ရေကြီးမှုကြောင့် ပိတ်မိနေသူ များကို ကယ်ဆယ်နိုင်ရန်အတွက် ယန္တရားကြီးများကို အသုံးပြုနေရသည်ဟု ပြောကြားခဲ့ကြောင်း ST သတင်းဌာန ဖော်ပြချက်အရ သိရသည်။