“လျှပ်စစ်ကဏ္ဍမှာ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု တိုးမြှင့်၍ အစိုးရရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် လျှော့ချမည်”
24 Jul
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က လျှပ်စစ်စွမ်းအင်ကဏ္ဍမှာ နိုင်ငံတော်အစိုးရ ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်များ လျှော့ချနိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကို ပိုမိုပါဝင်ဆောင်ရွက်နိုင်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဇူလိုင်လ ၂၂ ရက် ကကျင်းပတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး ၂၇ ရက် မြောက်နေ့မှာ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာထိန်ဝင်း၏ လျှပ်စစ်ကဏ္ဍနှင့်ပတ်သက်တဲ့ မေးခွန်းကို ဖြေကြားရာ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍမှာ အလယ်ပေါင်းလောင်း၊ ရွှေလီ (၃)၊ အထက်ရဲရွာ၊ သူဌေးနှင့် အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စီမံကိန်းများကို ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး လိုအပ်တဲ့ ရန်ပုံငွေများကို လာမည့်ဘဏ္ဍာရေးနှစ်များမှာ ဆက်လက်တောင်းခံ၍ နယ်မြေ အခြေအနေပေါ်မူတည်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ် လျှော့ချနိုင်ရေးအတွက် အလယ်ပေါင်းလောင်းစီမံကိန်းကို တရုတ်ကုမ္ပဏီနှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ရန် Notice to Proceed ထုတ်ပေးထားပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုနဲ့ အကောင်အထည်ဖော်နိုင်ရေး ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရွှေလီ (၃) စီမံကိန်းကို နယ်မြေအခြေအနေပေါ်မူတည်၍ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်သွားမည်ဖြစ်ပြီး နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်ကဲ့သို့သော ပြန်ပြည့်မြဲစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းများကိုလည်း ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်နိုင်ရေး အားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးက ပြည်ပနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှ ချေးငွေ၊ ထောက်ပံ့ငွေနှင့် နည်းပညာ အကူအညီများနဲ့ ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းများအနက် ပြန်လည်ပေးဆပ်ဆဲစီမံကိန်း ၁၅ ခု၊ နိုင်ငံခြားချေးငွေနဲ့ ဆောင်ရွက်ပြီးနှင့် ဆောင်ရွက်ဆဲ စီမံကိန်း ၂၁ ခု၊ ချေးငွေနဲ့ဆောင်ရွက်ရန်အဆိုပြုထားတဲ့ စီမံကိန်း ၁၅ ခုတို့မှာ ၂၀၁၁ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၁၆ ခုနှစ် မတ်လ ၃၁ ရက်အထိတာဝန်ယူခဲ့တဲ့ အစိုးရလက်ထက်မှာ အကောင်အထည်ဖော်ခဲ့ တဲ့ စီမံကိန်းများဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ချေးငွေပေးဆပ်ပြီးစီးတဲ့ စီမံကိန်း ၉ ခု၊ စီမံကိန်းပြီးစီးပြီး ချေးငွေပေးဆပ်ဆဲ ၂၁ ခု၊ ဆောင်ရွက်ဆဲ စီမံကိန်း ၈ ခုနှင့် ချေးငွေအဆိုပြုခဲ့သော်လည်း မရရှိခဲ့တဲ့ စီမံကိန်း ၁၃ ခု ရှိကြောင်း ရှင်းလင်းဖြေကြားခဲ့ပါတယ်။ (NVS 008)