“ရွှေလီမြို့မှာ ကျင်းပတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ တင်ဒါများကို ယွမ်ငွေဖြင့် ရောင်းချပေး”
24 Jul
တရုတ်နိုင်ငံ ရွှေလီမြို့မှာ ပထမဆုံးအကြိမ်အဖြစ်ကျင်းပတဲ့ မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ အိတ်ဖွင့် တင်ဒါများကို တရုတ်ယွမ်ငွေဖြင့် ငွေပေးချေနိုင်တဲ့စနစ်ကို အသုံးပြုသွားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ရွှေလီမြို့၊ ကျယ်ဂေါင်နယ်စပ်ကုန်သွယ်ရေးဇုန်၌ မြန်မာ့ကျောက်မျက် ရတနာပြပွဲကို ဇူလိုင်လ ၂၂ ရက်က စတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံပြင်ပတွင် ပထမဆုံးအကြိမ် ကျင်းပသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဖြစ်ကြောင်း သိရပါတယ်။ အဆိုပါပြပွဲကို ယူနန်ပြည်နယ်ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ကျင်းပခြင်းဖြစ်ပြီး ပြပွဲအတွင်း ကျောက်စိမ်းနှင့်ကျောက်မျက်ရတနာများကို အိတ်ဖွင့် တင်ဒါစနစ်နဲ့ ရောင်းချကာ တရုတ်ယွမ်ငွေဖြင့် ငွေပေးချေနိုင်တဲ့စနစ်ကို ပထမဆုံးအသုံးပြုထားကြောင်း သိရပါတယ်။ ၎င်းစနစ်ကြောင့် ကျောက်မျက်ရတနာကုန်သည်များအနေနဲ့ တရုတ်နိုင်ငံအတွင်း ယွမ်ငွေဖြင့် ကျောက်စိမ်း အတွဲများဝယ်ယူနိုင်သဖြင့် အရင်းအနှီးကုန်ကျစရိတ် လျော့နည်းလာပြီး အရောင်းအဝယ်လုပ်ငန်းများ ပိုမိုမြန်ဆန် ထိရောက်လာကြောင်း သိရပါတယ်။ ယခုလိုပြပွဲကျင်းပခြင်းက တရုတ်-မြန်မာနှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေတဲ့အပြင် နယ်စပ်ဖြတ်ကျော် ကျောက်မျက်ရတနာလုပ်ငန်းများရဲ့ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)