“ခရီးသွားကျွန်းများမှာ ဆိုလာစနစ် ပိုမိုအသုံးပြုရန် တနင်္သာရီတိုင်းဝန်ကြီးချုပ်မှာကြား”
24 Jul
တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦးက ခရီးသွားကျွန်းများတွင် Solar စနစ်ပိုမိုအသုံးပြုရန်၊ Plastic-Free Islands၊ သန္တာကျောက်တန်းထိန်းသိမ်းရန်၊ စနစ်တကျစွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးကို တိတိကျကျလိုက်နာဆောင်ရွက် ရန် Mass Tourism ထက် Eco-Tourismနှင့် High-Value Tourism ကိုအလေးထားဖော်ဆောင်ရန်တိုက်တွန်း ပြောကြားခဲ့ပါတယ်။ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဦးဇော်နိုင်ဦးက ဇူလိုင်လ ၂၃ ရက်မှာ ကော့သောင်းမြို့ခရီးသွားလုပ်ငန်းအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များ၊ ဒေသခံခရီးသွားလုပ်ငန်းဆိုင်ရာ လူမှုစီးပွားကဏ္ဍ အသီးသီးမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ်မှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။ နယ်စပ်ဝင်ပေါက်မှ နိုင်ငံတကာခရီးသည်များ ပိုမိုဝင်ရောက်လာနိုင်ရေး ဗီဇာလုပ်ထုံးလုပ်နည်းများနှင့် ညအိပ် ရပ်နားခွင့် ဗီဇာသက်တမ်းတိုးမြှင့်နိုင်ရေးကို သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါတယ်။ ကော့သောင်းမြို့ဟာ သဘာဝရေမြေတောတောင်အလှအပများ၊ ရေပေါ်ရေအောက်သဘာဝသယံဇာတများ ဖြင့် ပြည့်စုံကာ ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေတဲ့ ဗျူဟာမြောက်တံခါးပေါက်ဖြစ်၍ Border Tourism ဖွံ့ဖြိုး တိုးတက်ရန် အလွန်အလားအလာကောင်းတဲ့မြို့ဖြစ်ရာ ဒေသခံများအတွက် စီးပွားရေးအခွင့်အလမ်းများ ဖန်တီးပေး နိုင်ရန်၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းစနစ်တည်ဆောက်ရန် ဝိုင်းဝန်းဆောင်ရွက်ရမယ်လို့ ပြောကြားခဲ့ ပါတယ်။ ဒါ့အပြင် Community-Based Tourism (CBT)တိုးချဲ့ရေး၊ ဆလုံတိုင်းရင်းသားကျေးရွာများနှင့် ရေလုပ်ငန်း အခြေပြုကျေးရွာများမှာ ဒေသခံများကို ဧည့်လမ်းညွှန်လုပ်ငန်း၊ ရိုးရာလက်မှုထုတ်ကုန်ရောင်းချရေးနှင့် ဒေသထွက် အစားအစာများဖြင့် ဧည့်ခံနိုင်ရေးဆိုင်ရာ သင်တန်းများနှင့် အထောက်အပံ့များကို ပိုမိုဆောင်ရွက်ပေးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)