“ဒက္ခိဏသီရိမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်း၍ စေတီပုထိုးတော်များပြိုကျ”
24 Jul
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် ဇူလိုင်လ ၂၂ ရက်နှင့် ၂၃ ရက်တို့မှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စေတီပုထိုးတော်များပြိုကျကာ အခြေခံပညာစာသင်ကျောင်းတစ်ကျောင်းကို ခေတ္တယာယီပိတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဒက္ခိဏသီရိမြို့နယ်၊ ကူနှစ်လုံးဆည်စုကျေးရွာအုပ်စု၊ ဆည်စုကျေးရွာရှိ ဂူနှစ်လုံးကုန်းတော်ပေါ်မှာ တည်ထား တဲ့ ဉာဏ်တော်အမြင့် ၃၀ ပေရှိ စေတီတစ်ဆူ၊ ရွှေခဲအင်းကျေးရွာအုပ်စု၊ စိုက်ခင်း ၃ ကျေးရွာ၊ ရွှေဝါမြိုင် ဟိတဓရ တက္ကသီလာကျောင်းတိုက်ရှိ ဉာဏ်တော်အမြင့် ၆ ပေခန့်၊ အကျယ် ၅ ပေခန့် စေတီ ၉ ဆူအနက် ၈ ဆူပြိုကျ ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဒါ့အပြင် ရွှေခဲအင်းကျေးရွာအုပ်စု၊ ရွှေခဲအင်းကျေးရွာရှိ ရွှေခဲအင်းဘုန်းတော်ကြီးကျောင်းအား ကာရံထားသော အမြင့် ၆ ပေခန့်ရှိ အုတ်နံရံခြံစည်းရိုးအရှည်ပေ ၁၃၈ ပေခန့် ပြိုကျပျက်စီးခဲ့ကြောင်း သိရပါတယ်။ ထို့အတူ ဒိုးနွယ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာအနီးရှိ ရအောင်းချောင်းရေမြင့်တက်ကာ အ.ထ.က(ခွဲ)(ရွာသစ်)အတွင်း ရေဝင်ရောက်ခဲ့သဖြင့် ကျောင်းအားခေတ္တပိတ်ထားခဲ့ရကြောင်း သိရပါတယ်။ (NVS 008)