“အီရန်စစ်ရေးပစ်မှတ်များကို အမေရိကန်တပ်မတော်ဆက်လက်တိုက်ခိုက်”
17 Jul
အီရန်ဆိပ်ကမ်းများကို ရေတပ်အင်အားဖြင့် တစ်ဖန်ပြန်လည်ပိတ်ဆို့ခဲ့ပြီးနောက် အမေရိကန် တပ်မတော် က အီရန်နိုင်ငံ၏ကမ်းရိုးတန်းကာကွယ်ရေးစခန်းများနှင့်ဒုံးကျည်စခန်းများကို ဇူလိုင်လ ၁၅ ရက်တွင် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။ ဇူလိုင်လ ၁၅ ရက်တွင် ပထမအကျော့တိုက်ခိုက်မှုအဖြစ် အီရန်နိုင်ငံ ဂရိတ်တားတန့်ဘ် ကျွန်းပေါ်ရှိ ကမ်းရိုးတန်းကာကွယ်ရေးစနစ်များနှင့်ခရုစ်ဒုံးကျည် သိုလှောင်ရေးစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်တပ်မတော်က သတင်းထုတ်ပြန်ထားသည်။ အဆိုပါတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ကိုးနာရီအကြာတွင် ဒုတိယအကျော့တိုက်ခိုက်မှုအဖြစ် အီရန်မြို့ကြီးများရှိ စစ်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ အမေရိကန်နိုင်ငံ၏စစ်ရေးတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဘာရိန်း၊ ကူဝိတ်၊ ဂျော်ဒန်နိုင်ငံတို့ရှိ အမေရိကန်စစ်စခန်းများကိုတိုက်ခိုက်ခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်က သတင်းထုတ်ပြန်ထားသည်။ ဇွန်လ ၁၇ ရက်တွင် ရယူထားသော အချက် ၁၄ ချက်ပါ အီရန် စစ်ရေးပဋိပက္ခ ပြီးဆုံးရေးနားလည်မှုစာချွန်လွှာ ပျက်ပြားခဲ့ ပြီးနောက်ပိုင်း အမေရိကန်နှင့် အီရန်နိုင်ငံတို့ကြား စစ်ရေးပဋိပက္ခ များပိုမိုပြင်းထန်လာလျက်ရှိသည်။ အမေရိကန်နှင့်အီရန်နိုင်ငံတို့ကြား စစ်ရေးပဋိပက္ခများကြောင့် ဇူလိုင်လ ၁၆ ရက်တွင် ကမ္ဘာ့ရေနံဈေးကွက်၌ ရေနံစိမ်းဈေးနှုန်းများမှာ တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၉၅ ဒေါ်လာထိ မြင့်တက်လာခဲ့ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။