“စက်တင်ဘာလကုန်တွင် အီရတ်မှ အမေရိကန်တပ်များ အပြီးသတ်ရုပ်သိမ်းမည်”
17 Jul
စက်တင်ဘာလကုန်ပိုင်းတွင် အီရတ်ရှိ အမေရိကန်တပ်များအားလုံးကို ရုပ်သိမ်းသွားမည်ဟု အီရတ် ဝန်ကြီးချုပ် အလီအယ်ဇိုင်းဒီက ပြောကြားသည်။ အီရတ်ဝန်ကြီးချုပ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အိမ်ဖြူတော်သို့ရောက်ရှိနေပြီး ဇူလိုင်လ ၁၄ ရက်တွင် ယင်းသို့ကြေညာခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ကုမ္ပဏီများလည်း အီရတ်နိုင်ငံသို့ဝင်ရောက်လာမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးသည် စစ်ရေး မိတ်ဖက်မှစီးပွားရေးမိတ်ဖက်အဖြစ်သို့ တိုးတက်ပြောင်းလဲသွားမည်ဟု ၎င်းက ပြောကြားသည်။ အမေရိကန်တပ်ဖွဲ့များ အီရတ်တွင်ဆက်လက်တည်ရှိရန် ယခုထက်ပို၍မလိုအပ်တော့ကြောင်း အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောကြားပြီး ရေနံကုမ္ပဏီများ အီရတ်နိုင်ငံသို့ဝင်ရောက်၍ မိတ်ဖက် ဆက်ဆံရေး တည်ဆောက်မည်ဖြစ်ပြီး အမေရိကန်ကုမ္ပဏီများသည် ၎င်းတို့၏ရေနံလုပ်ငန်းများကို အီရတ်၌ချဲ့ထွင်သွားရန် မျှော်လင့်ကြောင်း ဆက်လက်ပြောကြားသည်။ အမေရိကန်တပ်များသည် ၂၀၀၃ ခုနှစ်ကတည်းက အီရတ်တွင် တပ်စွဲခဲ့သည်။ ယင်းနောက် အပြည့်အဝဆုတ်ခွာခဲ့ပြီး အိုင်အက်စ် (IS) စစ်သွေးကြွများ ခေါင်းထောင်လာချိန်တွင် ပြန်လည်ဝင်ရောက်ခဲ့ကာ ၂၀၂၁ ခုနှစ်တွင် အီရတ်၌စစ်ဆင်ရေးလုပ်ငန်းများ တရားဝင်အဆုံးသတ်ခဲ့သည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။