“မန်းရတနာပုံလေကြောင်းလိုင်းက ပြင်ဦးလွင်အနီးစခန်းလေဆိပ်သို့ ခရီးစဉ်သစ်များ စတင်ပျံသန်းမည်”
17 Jul
မန်းရတနာပုံ လေကြောင်းလိုင်း (Mann Yadanarpon Airlines)က ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ်သို့ ပြေးဆွဲမည့် ခရီးစဉ်သစ်များကို လာမည့်ဇူလိုင်လ ၁၇ ရက်မှစတင်၍ အပတ်စဉ် သောကြာနေ့တိုင်း ပျံသန်းပြေးဆွဲ သွားမည်ဖြစ်ကြောင်း သိရပါတယ်။ မန်းရတနာပုံလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ ၎င်းခရီးစဉ်မှာ ရန်ကုန်၊ ဟဲဟိုးနှင့် ကျိုင်းတုံမြို့များသို့ ချိတ်ဆက်ပျံသန်းပြေးဆွဲပေးမည် ဖြစ်ပါတယ်။ ခရီးစဉ်အလိုက် သတ်မှတ်ထားသော အခြေခံလေယာဉ် လက်မှတ်ခ နှုန်းထားများမှာ ရန်ကုန်-အနီးစခန်း ခရီးစဉ်အတွက် ပြည်တွင်းခရီးသည်တစ်ဦး အနည်းဆုံး ၃၀၄,၀၀၀ ကျပ်နှင့် အနီးစခန်း-ရန်ကုန် ခရီးစဉ်အတွက် ၂၉၄,၀၀၀ ကျပ် ဖြစ်ပါတယ်။ ဒါ့အပြင် ဟဲဟိုး-အနီးစခန်းနှင့် အနီးစခန်း-ဟဲဟိုး နှစ်ဖက်ခရီးစဉ်များအတွက် လက်မှတ်ဈေးနှုန်းကို ၂၆၄,၀၀၀ ကျပ်စီ သတ်မှတ်ထားကြောင်း သိရပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် ချိတ်ဆက်ပျံသန်းမည့် ကျိုင်းတုံ-အနီးစခန်းနှင့် အနီးစခန်း-ကျိုင်းတုံ ခရီးစဉ်များကိုမူ ဇူလိုင်လ ၂၄ ရက်မှစတင်၍ တိုးချဲ့ပြေးဆွဲမည်ဖြစ်ပြီး လေယာဉ်လက်မှတ်ခနှုန်းထားမှာ တစ်ဦးလျှင် ၄၁၆,၀၀၀ ကျပ်မှ စတင်မည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)