“၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာ့သစ်သီးဝလံ ပြည်ပတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၂၀ သန်းကျော် ဝင်ငွေရရှိ”
17 Jul
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ နိုင်ငံတကာဈေးကွက်သို့ သစ်သီးဝလံတင်ပို့မှုမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၏ စာရင်းများအရ သိရပါတယ်။ အဆိုပါဘဏ္ဍာနှစ်အတွက် သစ်သီးဝလံတန်ချိန် ၈ သိန်းနီးပါးတင်ပို့ကာ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၄၄ ဒသမ ၆၃ သန်းရရှိရန် လျာထားခဲ့ပေမယ့် လက်တွေ့မှာ သစ်သီးဝလံတန်ချိန် ၄ သိန်းနီးပါးသာ တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေ ဒေါ်လာ ၂၂၀ ဒသမ ၅၃ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခြေအနေကြောင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်သစ်သီးဝလံတင်ပို့မှုက မူလလျာထားချက်ရဲ့ ၆၃ ဒသမ ၉၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ပါတယ်။ လက်ရှိမှာ ပြည်ပဈေးကွက်များသို့ တစ်သျှူးငှက်ပျော၊ သရက်သီး၊ ဖရဲသီး၊ သခွားမွှေးသီး၊ ဝဥ၊ ချင်း (ဂျင်း)၊ ချဉ်ပေါင်ဖာလာ၊ သီဟိုဠ်စေ့၊ မန်ကျည်းသီး၊ ထောပတ်သီးနှင့် နနွင်းတက်တို့ကို အဓိကတင်ပို့လျက်ရှိပြီး ဝဥနှင့် သီဟိုဠ်စေ့မှာ တင်ပို့မှုပမာဏနှင့် ပို့ကုန်ဝင်ငွေ နှစ်မျိုးစလုံးမှာ အမြင့်ဆုံးအုပ်စုဝင် သီးနှံများဖြစ်ကြောင်း သိရပါတယ်။ (NVS 008)