“၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ ဂျီဒီပီပမာဏ ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့”
16 Jul
တရုတ်နိုင်ငံ၏ ပြည်တွင်းအသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ)မှာ ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူထက် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်ဟု တရုတ်နိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို (NBS) က ဇူလိုင်လ ၁၅ ရက်၌ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအနေဖြင့် အဆိုပါကာလအတွင်း ကုန်ထုတ်လုပ်မှုပမာဏ ယွမ် ၆၉ ဒသမ ၅၇ ထရီလီယံခန့်(အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၅ ထရီလီယံခန့်) ရှိခဲ့သည်ဟု အချက်အလက်များတွင် ဖော်ပြထားသည်။ ဒုတိယသုံးလပတ်တွင်မူ တရုတ်နိုင်ငံ၏စီးပွားရေးသည် ယမန်နှစ် ကာလတူထက် ၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ဖိအားများကိုကြံ့ကြံ့ခံလျက် သင့်တင့်မျှတသည့် အတိုင်းအတာအတွင်း လည်ပတ်လျက်ရှိကာ ခိုင်မာအားကောင်းသော ကြံ့ကြံ့ခံနိုင်မှုကို ထင်ထင်ရှားရှားပြသနေဆဲဖြစ်သည်ဟု NBS က ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ကုန်ထုတ်လုပ်မှုနှင့် ရောင်းလိုအားတွင် ခိုင်ခိုင်မာမာတိုးတက်မှု၊ တည်ငြိမ်သော အလုပ်အကိုင်ဖန်တီးပေးမှု၊ ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားသစ်များ လျင်လျင်မြန်မြန်ကျယ်ပြန့်လာမှု စသည့် အလားအလာကောင်းများကိုလည်း ထောက်ပြပြောဆိုခဲ့သည်။ တရုတ်နိုင်ငံ၏ ဂျီဒီပီမှာ ပထမသုံးလပတ်၌ ယမန်နှစ်ကာလတူထက် ၅ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ၂၀၂၆ ခုနှစ်တွင် စီးပွားရေးတိုးတက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ရှိနိုင်မည်ဟု သတ်မှတ်လျာထားခဲ့ပြီး လက်တွေ့အားဖြင့် ပိုမိုကောင်းမွန်လာရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်သည်။ “ဖွံ့ဖြိုးတိုးတက်မှုနှုန်းဟာ နှစ်အလိုက်လျာထားချက်နဲ့ ကိုက်ညီပါတယ်” ဟု NBS ၏ လက်ထောက် အကြီးအကဲ မော်စိန့်ရုန် က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ကာ ဒုတိယသုံးလပတ်၌ အတန်သင့်တိုးတက်မှု ရှိခဲ့သော်လည်း နိုင်ငံ့စီးပွားရေးမှာ တည်ငြိမ်သည့်ဟန်ချက်ကို ထိန်းထားနိုင်ဆဲဖြစ်သည့်အပြင် ဆန်းသစ်တီထွင်မှု မောင်းနှင်အားဖြင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ရှေးရှုသော ယင်း၏ အခြေခံလားရာသည်လည်း ပြောင်းလဲမှုမရှိကြောင်း ၎င်းက ဆိုသည်။ ပြင်ပပတ်ဝန်းကျင်အခြေအနေမှာ ပိုမိုရှုပ်ထွေးကာ ပိုမိုမရေမရာဖြစ်လာခဲ့ကြောင်း၊ ပထမနှစ်ဝက်၌ လုံလောက်သော စွမ်းအင်ပေးသွင်းမှု၊ မပြင်းထန်သော ငွေကြေးဖောင်းပွမှု၊ ခိုင်မာသော ပြည်ပကုန်သွယ်မှုဆိုင်ရာ စွမ်းဆောင်ရည်တို့ကြောင့် တရုတ်နိုင်ငံ၏ စီးပွားရေးကြံ့ကြံ့ခံနိုင်မှုက နိုင်ငံအနေဖြင့် အန္တရာယ်များနှင့် စိန်ခေါ်မှု များကို ထိထိရောက်ရောက် ကျော်လွှားနိုင်စေရန် အထောက်အကူပေးခဲ့ကြောင်း မော် က ဆိုသည်။ ထို့ပြင် မော် က တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အရည်အသွေးတိုးတက်မှုများကိုလည်း အလေးပေး ပြောဆိုခဲ့သည်။ အဆင့်မြင့်ကုန်ထုတ်လုပ်ငန်း၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများက ကိုယ်စားပြုသော ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားသစ်များသည် ပထမနှစ်ဝက် စီးပွားရေးတိုးတက်မှု၏ ၄၀ ရာခိုင်နှုန်း ကျော်အထိ အားဖြည့်ပံ့ပိုးပေးခဲ့သလို ဂျီဒီပီတစ်ယူနစ်လျှင် စွမ်းအင်သုံးစွဲမှုမှာလည်း ယမန်နှစ်ကာလတူထက် ၁ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု NBS အချက်အလက်များက ညွှန်ပြလျက်ရှိသည်။ တရုတ်နိုင်ငံ၏ စစ်တမ်းကောက်ယူထားသော မြို့ပြအလုပ်လက်မဲ့ဖြစ်ပွားမှုနှုန်းမှာ ဇွန်လ၌ ၅ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခင်လက ၅ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ကျဆင်းသွားကြောင်း၊ ထို့အတူ တစ်ဦးချင်းအသုံးပြုနိုင်သော ဝင်ငွေပမာဏမှာလည်း ပထမနှစ်ဝက်တွင် ယမန်နှစ်ကာလတူထက် ၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဇူလိုင်လ ၁၅ ရက်၌ထုတ်ပြန်သည့် အချက်အလက်များတွင် ဖော်ပြထားသည်။ ဇန်နဝါရီလမှ ဇွန်လအထိ ခြောက်လတာကာလအတွင်း တရုတ်နိုင်ငံ၏ တန်ဖိုးမြှင့် စက်မှုလုပ်ငန်းထုတ်ကုန် ပမာဏမှာ ယမန်နှစ်ကာလတူထက် ၅ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ တရုတ်နိုင်ငံ၏ ဝယ်ယူသုံးစွဲမှုအင်အားကို ညွှန်ပြသော အဓိကညွှန်းကိန်းဖြစ်သည့် ကုန်စည်များနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ စုစုပေါင်း လက်လီရောင်းအား သည်လည်း ယမန်နှစ်ကာလတူထက် ၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ (Repost from Xinhua Myanmar)