“၂၀၂၆ ကမ္ဘာ့ဖလားမှာ Man of the Match အများဆုံးရထားတဲ့ မက်ဆီ”
16 Jul
အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က ၂၀၂၆ ကမ္ဘာ့ဖလားမှာ Man of the Match အများဆုံးရရှိတဲ့ ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။ အင်္ဂလန်အသင်းနဲ့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်မှာ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီ က အသင်းအတွက် နှစ်ဂိုးစလုံး ဖန်တီးပေးပြီး Man of the Match ဆုကို ရရှိခဲ့ပါတယ်။ မက်ဆီ ဟာ အခုကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း Man of the Match ဆုကို ငါးကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့တာလည်းဖြစ်ပါတယ်။ မက်ဆီ ဟာ အယ်လ်ဂျီးရီးယားနဲ့ အုပ်စုအဖွင့်ပွဲ၊ သြစတြီးယားနဲ့ အုပ်စုဒုတိယပွဲ၊ ကိတ်ဗာတီ နဲ့ ၃၂ သင်းအဆင့်ပွဲ၊ အီဂျစ်နဲ့ ၁၆ သင်းအဆင့်ပွဲ၊ အခု အင်္ဂလန်နဲ့ ဆီမီးဖိုင်နယ်ပွဲတွေမှာ ရရှိခဲ့ပါတယ်။ မက်ဆီအနေနဲ့ ကစားသမားဘဝမှာ ကမ္ဘာ့ဖလားပွဲစဉ်အလိုက် အကောင်းဆုံးဆု အကြိမ်ပေါင်း ၁၆ ကြိမ် ရှိလာခဲ့ပါတယ်။ ဒါ့အပြင် အခုကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကိုလည်း ဆွတ်ခူးဖို့ အပြတ်အသတ် ရေပန်းစားနေပါတယ်။ မက်ဆီ ရဲ့နောက်မှာတော့ အင်္ဂလန်ကစားသမား ဘယ်လင်ဂမ် က လေးကြိမ်နဲ့ ဒုတိယအများဆုံးဖြစ်ပြီး အမ်ဘာပေ၊ ဟာလန်းနဲ့ ဗင်နီစီယပ်စ် တို့က သုံးကြိမ်စီ ဆွတ်ခူးခဲ့ပါတယ်။ (NVS 008)