“မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း အစုန်အဆန်ရထားခရီးစဉ်များ ဇူလိုင်လ ၂၁ ရက်မှာ စတင်ပြေးဆွဲမည်”
16 Jul
ကချင်ပြည်နယ်အစိုးရအဖွဲ့က မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း အမှတ်(၄၉)အဆန်နှင့် အမှတ်(၅၀)အစုန် ရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး လာမည့်ဇူလိုင်လ ၂၁ ရက်မှာစတင်ပြေးဆွဲ ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ အခုလိုပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မြန်မာ့မီးရထားမှ မိုးကောင်း-မိုးညှင်းဘူတာကြား ၅၂ ဒသမ ၂၅ မိုင် အတွင်းရှိ သံလမ်းများပြုပြင်ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ရှင်းလင်းခြင်းနှင့် သံလမ်းကူးတံတားများ ပြုပြင် တည်ဆောက်ခြင်း၊ ဘူတာများပြင်ဆင်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ပင်းဘောဘူတာမှ နန်းခွင်ဘူတာအထိ သံလမ်းတစ်လျှောက်ရှင်းလင်းခြင်း၊ သံလမ်းပြုပြင်ခြင်း၊ နန်းခွင်ဘူတာအကျော် နန်းခွင်ချောင်းပေါ်မှာ တည်ဆောက်ထားသော ရထားလမ်းမိုင်တိုင် ၆၅၆/၁၆ နှင့် ၆၅၆/၁၈ ရှိ တံတားအမှတ်(၆၃၀)ကို တံတားရေလယ် တိုင်များပျက်စီးမှုကို ပြန်လည်ပြုပြင်တည်ဆောက်ခြင်း၊ တံတားကမ်းကပ်ခုံရေတိုက်စားမှုကို ပြုပြင်တည်ဆောက် ခြင်း၊ သံလမ်းဇလီဖားတုံး မြှင့်တင်ခြင်းတို့ကိုလည်း ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။ အဆိုပါ လုပ်ငန်းဆောင်ရွက် နေမှုများကို ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ဇူလိုင်လ ၁၁ ရက်နံနက်ပိုင်းမှာ ကြည့်ရှုစစ်ဆေးပြီး ရထား တာဝန်ရှိသူများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)