“ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်”
16 Jul
ချင်းပြည်နယ်၊ ဖလမ်းမြို့ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်သူများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်တဲ့ အခမ်းအနားကို ဖလမ်းမြို့၊ မြို့တော်ခန်းမ၌ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်က ကျင်းပခဲ့ရာ ဆောက်လုပ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါအခမ်းအနားမှာ ဒုတိယဝန်ကြီးက ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများကို အလျင်အမြန်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာရုံး များပုံမှန်လည်ပတ်နေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးဆုံးရှုံးမှု များအတွက် နေ့စဉ်ပုံမှန်လူနေမှုဘဝကို အတိုင်းအတာတစ်ခုအဖြစ် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ နိုင်ငံတော်မှ ကူညီပံ့ပိုးသော အခြေခံလိုအပ်တဲ့ စားသောက်ကုန်များနှင့် စားရေရိက္ခာများကို နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက် လာတဲ့ ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းနှင့် ထပ်မံဝင်ရောက်လာမည့် ပြည်သူများကို ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးနှင့် ကော်မတီဝင်များမှ နေရပ်စွန့်ခွာ၍ ပြန်လည်ဝင်ရောက်လာတဲ့ ပြည်သူ ၂၃၃ ဦးအတွက် ဆန် ၇၂ အိတ်နှင့် ဆီ ၂၇၃ ပိဿာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ဖလမ်းမြို့ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊မိခင်နှင့်ကလေးကျန်းမာရေးဌာနသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။ လက်ရှိအချိန်အထိ ဖလမ်းမြို့မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်မိခင် ၃၄ ဦးနှင့် ၅ နှစ်အောက်ကလေး ၉၂ ဦးကို ကာကွယ်ဆေးထိုးပေးခြင်းအား ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့တို့မှာ ကိုယ်ဝန်ဆောင်မိခင် ၁၅,၈၀၂ ဦးနှင့် ၅ နှစ်အောက်ကလေး ၇,၇၈၀ ဦးကို ကာကွယ်ဆေးထိုးပေးခြင်းများနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။ (NVS 008)