“ဝါစိုက်တောင်သူများနှင့် ဝါမျိုးစေ့ထုတ်ရောင်းချသူများ လိုက်နာရန် သတိပေးထုတ်ပြန်”
15 Jul
စပ်မျိုးဝါ F2 မျိုးနှင့်ပတ်သက်ပြီး ဝါစိုက်တောင်သူများနှင့် ဝါမျိုးစေ့ထုတ်ရောင်းချသူများ လိုက်နာရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သတိပေးထုတ်ပြန်ခဲ့ပါတယ်။ အထွက်နှုန်းကောင်းပြီး အရည်အသွေးမီသည့် နိုင်ငံခြားစပ်မျိုး ဝါစိုက်ပျိုးသူတောင်သူများအနေနဲ့ စပ်မျိုး ဝါမျိုးစေ့များရောင်းချရာတွင် စပ်မျိုး F1 အဆင့်မျိုးစေ့ကိုသာ ဖြန့်ဖြူးရောင်းချရမည်ဖြစ်ပြီး၊ ၎င်းစပ်မျိုး F1 ကို စိုက်ပျိုး၍ရရှိလာသော F2 အဆင့်မျိုးစေ့များကို ဖြန့်ဖြူးရောင်းချခြင်းမပြုရန် ဝါမျိုးစေ့ ထုတ်လုပ်ရောင်းချသူများအား ညွှန်ကြားထားရှိပြီးဖြစ်ပါတယ်။ ၎င်းစပ်မျိုးဝါ F2 မျိုးစေ့များကို တောင်သူများ က ထပ်မံစိုက်ပျိုးခြင်းမပြုရန်အတွက် ဝါစိုက်တောင်သူများအား အသိပညာပေးဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စပ်မျိုးဝါ F2 မျိုးများကို အသုံးပြုစိုက်ပျိုးပါက အောင်မြင်ဖြစ်ထွန်းမှု မရှိသည်ကို သိရှိထားပြီး မျိုးစေ့ဥပဒေ(၂၀၁၅)တွင်လည်း မှတ်ပုံတင်ထားခြင်းမရှိသော မျိုးစေ့များ ရောင်းချခြင်းမပြုရန် သတ်မှတ်ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ ဝါမျိုးစေ့ထုတ် ရောင်းချသူများနှင့် ဝါစိုက်တောင်သူများအနေနဲ့ စပ်မျိုးဝါ F2 မျိုးစေ့များအား ဖြန့်ဖြူးရောင်းချခြင်းနှင့် အသုံးပြုစိုက်ပျိုးခြင်း မပြုပါရန် သတိပေးထုတ်ပြန်ထားရှိပါတယ်။(NVS 008)