“ကွန်ဂို၌ အီဘိုလာကူးစက်မှုက တရားဝင်ထုတ်ပြန်ချက်ထက် လေးဆခန့် ပိုမိုများပြားနိုင်ဟု WHO ပြော”
15 Jul
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကူးစက်ပျံ့နှံ့လျက်ရှိသည့် အီဘိုလာရောဂါကူး စက်မှုပမာဏသည် တရားဝင်ထုတ်ပြန်ထားသည့် ကိန်းဂဏန်းများထက် လေးဆခန့် ပိုမိုများပြားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဇူလိုင်လ ၁၄ ရက်တွင် သတိပေးခဲ့သည်။ ကွန်ဂိုအစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့်နှစ်လခန့်က ရောဂါပိုးစတင်တွေ့ရှိချိန်မှစ၍ လက်ရှိအချိန်အထိ အီဘိုလာရောဂါကူးစက်ခံရသူ ၁,၉၆၀ ကျော်ရှိနေပြီး သေဆုံးသူ ၇၀၀ ကျော်ရှိပြီဟုသိရသည်။ သို့သော် WHO ၏ စစ်တမ်းတွက်ချက်မှုပုံစံများအရ လက်ရှိကူးစက်မှုအခြေအနေသည် ယခုတွေ့ရှိရသည့် လူနာအရေအတွက်ထက် အနည်းဆုံးနှစ်ဆမှ လေးဆအထိ ပိုမိုများပြားနိုင်သည်ဟု WHO ၏ အရေးပေါ်အခြေအနေ ဆိုင်ရာညွှန်ကြားရေးမှူး ချီကွေအီဟက်ကွေဇူး ကပြောသည်။ တရားဝင် ကိန်းဂဏန်းများအရဆိုလျှင်ပင် ယခုဖြစ်ပွားမှုသည် သမိုင်းတစ်လျှောက် တတိယမြောက် အကြီးမားဆုံး အီဘိုလာကူးစက်မှုဖြစ်နေပြီး ကူးစက်ပျံ့နှံ့မှုနှုန်းသည်လည်း ယခင်ကြုံတွေ့ခဲ့ဖူးသမျှထက် အမြန်ဆုံး ဖြစ်နေကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။ အဆိုပါ အီဘိုလာရောဂါကူးစက်မှုသည် လက်ရှိတွင် ကွန်ဂိုပြည်နယ် ၅ ခုနှင့် အိမ်နီးချင်း ယူဂန်ဒါနိုင်ငံတို့အထိ ပျံ့နှံ့နေသော်လည်း ကူးစက်မှု ၉၀ ရာခိုင်နှုန်းကျော်မှာ အီတူရီပြည်နယ်တွင်သာ ဖြစ်ပွားနေခြင်းဖြစ်သည်။ ယခု ကူးစက်နေသော အီဘိုလာရောဂါသည် အသိအမှတ်ပြုကာကွယ်ဆေး သို့မဟုတ် ကုသဆေးမရှိသေးသည့် အမျိုးအစားဖြစ်ကြောင်း သိရသည်။