“အမေရိကန်က အီရန်ကို ရေတပ်ပိတ်ဆို့မှုလုပ် ကမ္ဘာ့ရေနံဈေးနှုန်းများ ၉ ရာခိုင်နှုန်းကျော်မြင့်တက်လာ”
15 Jul
အမေရိကန်က အီရန်ကို ရေတပ်ပိတ်ဆို့မှုများပြန်လည်လုပ်ဆောင်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က ဇူလိုင်လ ၁၃ ရက်တွင် ကြေညာပြီးနောက် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများမှာ ၉ ရာခိုင်နှုန်းကျော်အထိ မြင့်တက် လာကြောင်းသိရသည်။ နယူးယောက်ကုန်စည်ဒိုင်တွင် ဩဂုတ်လအတွက် WTI ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၆ ဒသမ ၇၃ ဒေါ်လာ၊ ရာခိုင်နှုန်းအားဖြင့် ၉ ဒသမ ၄၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၇၈ ဒသမ ၁၄ ဒေါ်လာဖြင့် ဈေးပိတ် ခဲ့ခြင်းဖြစ်သည်။ ထို့အတူ လန်ဒန် ICE ကုန်စည်ဒိုင်ရှိ Brent ရေနံစိမ်း ဈေးနှုန်းမှာလည်း ၉ ဒသမ ၅၉ ရာခိုင်နှုန်းအဖြစ် ၇ ဒသမ ၂၉ ဒေါ်လာအထိ မြင့်တက်ကာ ရေနံစိမ်းတစ်စည်လျှင် ၈၃ ဒသမ ၃၀ ဒေါ်လာဖြစ်လာသည်။ “အီရန်အပေါ် ရေတပ်ပိတ်ဆို့မှုကို ပြန်လည်သက်ဝင်စေပါပြီ။ ဒါဟာ အီရန်သင်္ဘောတွေ ဒါမှမဟုတ် သူတို့ရဲ့ ဖောက်သည်တွေ ရေလမ်းကြောင်းအတွင်း အဝင်အထွက်မလုပ်အောင် တားဆီးဖို့ပဲဖြစ်ပါတယ်” ဟု ထရမ့် က ၎င်း၏ လူမှုကွန်ရက်တွင်ရေးထားသည်။ ဇူလိုင်လ ၁၂ ရက်တွင် ရေလက်ကြားမှဖြတ်သန်းသည့် သင်္ဘော ၁၄ စင်းသာ ရှိကြောင်းသိရသည်။