“မွေးမြူရေးဧရိယာများအတွက် ဒေသတွင်းအစာကုန်ကြမ်း အသုံးပြုနိုင်ရေး နည်းပညာပံ့ပိုးမည်”
14 Jul
ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် ဧရိယာများမှာ လိုအပ်တဲ့သွင်းအားစုများ ရရှိနိုင်ရေး အတွက် ဒေသတွင်းရရှိနိုင်သော အစာကုန်ကြမ်းများကို အသုံးပြု၍ မွေးမြူထုတ်လုပ်နိုင်ရေး နည်းပညာပံ့ပိုးမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ရဲထွန်းဝင်း က ပြောကြားခဲ့ပါတယ်။ ဒုတိယဝန်ကြီးက ပြည်သူ့လွှတ်တော်မှာ ငါး၊ ပုစွန်နှင့် ဂဏန်းမွေးမြူထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ထုတ်လုပ်မှုကုန်ကျစရိတ် လျှော့ချခြင်း၊ ဈေးကွက်ချဲ့ထွင်ခြင်း၊ ဈေးကွက်အသစ်များ ရှာဖွေခြင်း၊ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ခြင်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာနိုင်ရေးအတွက် စည်းရုံးဆောင်ရွက်ခြင်း၊ မွေးမြူရေး မြေနေရာလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ကြီးကြပ်မှုဖြင့် မွေးမြူရေးဇုန်များဖော်ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အမှန်မွေးမြူလျက်ရှိတဲ့ ငါးမွေးကန်ဧရိယာမှာ ၃၃၂,၀၅၇ ဒသမ ၈၇၁ ဧက၊ ပုစွန်မွေးကန်ဧရိယာမှာ ၁၄၀,၄၆၃ ဒသမ ၄၆ ဧကနှင့် ဂဏန်းမွေးကန်ဧရိယာမှာ ၂,၄၉၁ ဒသမ ၅၇ ဧကရှိကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်လျက်ရှိတဲ့ စက်ရုံ ၁၁ ရုံရှိပြီး တန်ဖိုးမြှင့်ထုတ်ကုန် ၁၃ မျိုးကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့လျက်ရှိပါတယ်။ လက်ရှိမှာ ရေထွက်ကုန်ပစ္စည်းများကို တန်ဖိုးမြှင့်ထုတ်ကုန်များအပါအဝင် ဥရောပသမဂ္ဂ (EU) နိုင်ငံများ၊ ပင်လယ်ကွေ့ဒေသနိုင်ငံများ၊ တရုတ်၊ ထိုင်း၊ ဂျပန်၊ စင်ကာပူ၊ သြစတြေးလျနှင့် အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့လျက်ရှိပါတယ်။(NVS 008)