“ငဝန်မြစ်ရေမြင့်တက်လာချိန် ပုသိမ်မြို့တော်ခန်းမရှေ့ ရေကျော်မှုမရှိစေရန် သဲအိတ်များဖြင့်ကာရံ”

14 Jul

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ငဝန်မြစ်ရေမြင့်တက်လာချိန်မှာ ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့ ရေကျော်မှုမရှိစေရန် ဇူလိုင်လ ၁၃ ရက်နံနက် ၁၁ နာရီခန့်က သဲအိတ်များဖြင့်ကာရံခဲ့ကြောင်း သိရပါတယ်။ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်း၊ မြို့တော်ခန်းမရှေ့မှာ ငဝန်မြစ်ရေမြင့်တက်လာချိန် မြစ်ရေ များ ကမ်းနားလမ်းမပေါ်သို့ ဖြတ်ကျော်စိမ့်ဝင်မှုမရှိစေရေးအတွက် ပုသိမ်မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ သဲအိတ်များနဲ့ တားဆီးကာရံပေးခဲ့ကြကြောင်း သိရပါတယ်။ ဇူလိုင်လ ၁၃ ရက်နံနက် ၈ နာရီအချိန်ထုတ်ပြန်ချက်အရ ငဝန်မြစ်ရေဟာ ငါးသိုင်းချောင်းမြို့၏ စိုးရိမ် ရေမှတ်အောက် ပေဝက်ခန့်တွင်ရောက်ရှိနေပြီး လာမည့် ၃၆ နာရီအတွင်း မြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် ငါးသိုင်းချောင်းမြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေနဲ့ ကြိုတင်သတိပြု ကြရန်နှင့် မြစ်ရေမြင့်တက်လာပါက အချိန်မီရှောင်ရှားကြရန် မိုးဇလကသတိပေးနှိုးဆော်ထားကြောင်း သိရပါတယ်။(NVS 008)

14 Jul

ADVERTISE HERE .