“ဆီးရီးယား၌ လွှတ်တော်သစ် အစည်းအဝေးများစတင်”
14 Jul
ဆီးရီးယားနိုင်ငံ၏ လွှတ်တော်သစ်သည် ၎င်းတို့၏ ပထမဆုံးအစည်းအဝေးများကို ဇူလိုင်လ ၁၂ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဆီးရီးယားလွှတ်တော်သစ်၏ အဆိုပါ ပထမဆုံးအစည်းအဝေးများကို သမ္မတ အယ်လ်ရှာရား ဦးဆောင်သည့် အစိုးရအဖွဲ့သစ် အာဏာရရှိခဲ့ပြီး ၁၉ လအကြာတွင် ကျင်းပနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီးရီးယားလွှတ်တော်က လက်ရှိတွင် ရရှိထားသော အခွင့်အာဏာများမှာ အကန့်အသတ်ရှိနေဆဲဖြစ်သော်လည်း လွှတ်တော်ဆွေးနွေးပွဲများ စတင်ကျင်းပ နိုင်ခဲ့မှုသည် ဆီးရီးယားနိုင်ငံ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ခဲ့သည်။ ဇူလိုင်လ ၁၂ ရက် လွှတ်တော်သစ်အစည်းအဝေးသို့ ဆီးရီးယား သမ္မတ အယ်လ်ရှာရား ကိုယ်တိုင်တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ကြောင်း ဆီးရီးယားအစိုးရ မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ အဆိုပါမိန့်ခွန်းတွင် သမ္မတ အယ်ရှာရား က ဆီးရီးယားလွှတ်တော်သစ်ကို အမှန်တရားနှင့် တရားမျှတမှုတို့၏ စင်္ကြံပလက်ဖောင်းအဖြစ် ရည်ညွှန်း ခဲ့သည်။ လက်ရှိ ဆီးရီးယားလွှတ်တော်သစ်တွင် အမတ်နေရာ ၂၁၀ ရှိပြီး သုံးပုံနှစ်ပုံကို ဒေသန္တရလွှတ်တော် ကိုယ်စားလှယ် ရွေးချယ်ရေးအဖွဲ့များက ရွေးချယ်ပေးထားပြီး ကျန်တစ်ပုံကို သမ္မတ အယ်လ်ရှာရား က ရွေးချယ် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။