“ယူကရိန်းနိုင်ငံ ချော်နိုမော့ခ်ဆိပ်ကမ်းကို ရုရှားတပ်များ ပြင်းထန်စွာတိုက်ခိုက်”
14 Jul
စစ်ဘက်ဆိုင်ရာ ကုန်ပစ္စည်းများ အတင်အချပြုလုပ်ရာတွင် ယူကရိန်းလက်နက်ကိုင်တပ်များ အသုံးပြုနေ သည့် ချော်နိုမော့ခ်ဆိပ်ကမ်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။ ရုရှားတပ်များအနေဖြင့် ချော်နိုမော့ခ်ဆိပ်ကမ်း၏ စစ်လက်နက်ပစ္စည်း အတင်အချပြုလုပ်ရန် အခြေခံ အဆောက်အအုံများ၊ လောင်စာဆီသိုလှောင်ကန်များ၊ လက်နက်ခဲယမ်းသိုလှောင်ရုံများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် ယူကရိန်းတပ်မတော်၏ ကူးတို့သင်္ဘောနှစ်စီးနှင့် ကုန်သေတ္တာတင် သင်္ဘောတစ်စီးတို့ကိုလည်း ရုရှား တပ်များက ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်ထိ ရုရှားတပ်များ၏ တိုက်ခိုက်မှုကြောင့် ချော်နိုမော့ခ်ဆိပ်ကမ်း၌ ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း ယူကရိန်းစိုက်ပျိုးရေးလုပ်ငန်းတစ်ခုမှ တာဝန်ရှိသူများက ပြောကြားထားသည်။ အိုဒက်ဆာမြို့အနီးတည်ရှိသော ချော်နိုမော့ခ်ဆိပ်ကမ်း တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ယူကရိန်းအစိုးရက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးကြောင်းသိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ယူကရိန်းနိုင်ငံက ရုရှားရေနံလုပ်ငန်း အဆောက်အအုံများကို မောင်းသူမဲ့ဒရုန်းယာဉ်များဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် ငါးနှစ်တာကာလ အတွင်း ဝင်ရောက်လာပြီဖြစ်သည့် ယူကရိန်းစစ်ရေးပဋိပက္ခ၏ အရှိန်ကို ထပ်မံမြှင့်တင်မည်ဟု ရုရှားအစိုးရက သတိပေးပြောကြားထားကြောင်း သိရသည်။