“လာမယ့်နွေရာသီမှာ ရန်ကုန်မြို့နေပြည်သူတွေအတွက် လှော်ကားရေလှောင်ကန်မှ သောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်ထား”

13 Jul

လှော်ကားရေလှောင်ကန်ကြီးက တစ်ရက်လျှင် ရေဂါလန် သန်း ၉၀ ခန့်ကို ရန်ကုန်မြို့နေပြည်သူတွေ အတွက် အဓိကသောက်သုံးရေပေးဝေလျက်ရှိတဲ့ ရေလှောင်ကန်ကြီးဖြစ်ပြီး လာမယ့်နွေရာသီမှာ သောက်သုံးရေ ဖူလုံစွာ ဖြန့်ဖြူးနိုင်ရန်ဆောင်ရွက်ထားတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှု အင်ဂျင်နီယာဌာနမှ သိရပါတယ်။ အဆိုပါရေလှောင်ကန်ဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်ကို ဖြန့်ဝေပေးနေတာ ဖြစ်ပြီး လှိုင်မြစ်ရေကို မှော်ဘီမြို့နယ် ကန်ကလေး လျှပ်စစ်မြစ်ရေတင်စခန်းများမှတစ်ဆင့် ရေအားဖြည့်သွင်း ဆောင်ရွက်ပေးထားတယ်လို့ သိရပါတယ်။ အဲဒီရေလှောင်ကန်ဟာ ဂျိုးဖြူ၊ ငမိုးရိပ် စတဲ့ ရေလှောင်ကန်ကြီးများနှင့် အတူ ရန်ကုန်မြို့တွင်း သောက်သုံးရေ ဖြည့်တင်းပေး‌နေတာ ဖြစ်ပါတယ်။ ရေလှောင်ကန်ကြီးသို့ ရေဖြည့်တင်းနိုင်ရန်အတွက် လှိုင်မြစ်ဘေး ကန်ကလေး လျှပ်စစ်မြစ်ရေတင် ရေယူ အဆောက်အအုံမှ မြေသားမြောင်း အရှည် ၅ ဒသမ ၅ မိုင် တူးဖော်ခြင်းလုပ်ငန်း၊ အကျယ်အဝန်း ၅၆၀,၁၈၂ စတုရန်းပေနှင့် အနက် ၁၀ ပေရှိ မြေသားအကြို အနည်ထိုင်ကန် တည်ဆောက်ခြင်းလုပ်ငန်း၊ အလျား ၁၂၄ ပေ၊ အကျယ် ၁၀၀ ပေရှိ ရေတွန်းစက်ရုံ တည်ဆောက်ရန် ဘိုးပိုင်လုပ်ငန်းနှင့် 1600mm HDPE ပိုက်လိုင်း အရှည် ၃ ဒသမ ၂ မိုင် ဆက်သွယ်ခြင်းလုပ်ငန်းများအားလုံး ရာနှုန်းပြည့်ပြီးစီး၍ ထိန်းသိမ်းဆောင်ရွက်ဖြန့်‌ဝေပေးလျက်ရှိနေပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တွင် နေထိုင်သူတွေအတွက် လာမည့်နွေရာသီအတွင်း လှော်ကားရေလှောင်ကန် မှတဆင့် သောက်သုံးရေဖူလုံစွာ ဖြန့်ဖြူးပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ (NVS 008)

13 Jul

ADVERTISE HERE .