“ပြင်ဦးလွင်မြို့မှာ ပြုလုပ်တဲ့ မိုးရာသီနိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲမှာ သစ်ပင်ပေါင်း ၃,၀၀၀ စိုက်ပျိုး”
13 Jul
၂၀၂၆ ခုနှစ် မိုးရာသီ နိုင်ငံတော်အဆင့်သစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ ၁၂ ရက်နံနက်ပိုင်းက မန္တလေး တိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မေမြို့ထင်းကြိုးဝိုင်းရှိ အကွက်အမှတ်(၂)မှာ ပြုလုပ်ခဲ့ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတော်သမ္မတက သစ်ပင်စိုက်ပျိုးပွဲများကို ပြည်သူများကြား သစ်တောသစ်ပင်များ၏ တန်ဖိုးကို နားလည်မြတ်နိုးတဲ့ စိတ်ဓာတ်ဖြစ်ပေါ်လာပြီး သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများမှာ ပြည်သူများ တက်ကြွစွာ ပူးပေါင်းပါဝင်လာစေရေးအတွက် နိုင်ငံတော်မှဦးဆောင်၍ ပြည်သူလူထုပူးပေါင်းပါဝင်မှုနဲ့ ပြုလုပ်ခြင်းဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သစ်တောသစ်ပင်များက လူသားများအပါအဝင် သက်ရှိအားလုံးရှင်သန်ရပ်တည်နိုင် ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှ ပါဝင်နေကြောင်း ပြောကြားခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက စိန်ပန်းပြာပျိုးပင်ကို သတ်မှတ်နေရာမှာ ဦးဆောင်စိုက်ပျိုးပေးခဲ့ပြီး တက်ရောက်လာကြသူများ၏ ပျိုးပင်များစိုက်ပျိုးနေမှုကို ကြည့်ရှုအားပေးခဲ့ပါတယ်။ ၂၀၂၆ ခုနှစ်၊ မိုးရာသီနိုင်ငံတော် အဆင့်သစ်ပင်စိုက်ပျိုးပွဲမှာ ပန်းပွင့်သောသစ်မျိုးများ ဖြစ်သည့် ချယ်ရီ၊ ခရေ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရတနာတန်းဝင် သစ်မျိုးများဖြစ်တဲ့ ပျဉ်းကတိုး၊ မဟော်ဂနီနှင့် အမြဲစိမ်းသစ်မျိုးများဖြစ်တဲ့ ဆီသပြေ၊ ခါတော်မီစတဲ့ ပျိုးပင်ပေါင်း ၃,၀၀၀ ပင် ကိုစိုက်ပျိုးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)