“တရားမဝင်လျှပ်စစ်ဓာတ်အားသုံးစွဲမှုများအနေနဲ့ ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားအသိပေးရမည်”
13 Jul
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက လျှပ်စစ်ဓာတ်အားသုံးစွဲသူပြည်သူများအနေနဲ့ တရားမဝင်နည်းလမ်း များဖြင့် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမှုများရှိပါက ၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက် နောက်ဆုံးထား၍ သက်ဆိုင်ရာဌာန များသို့ အသိပေးဆက်သွယ်ကြရန် အသိပေးပန်ကြားလိုက်ပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ဓာတ်အားပိုမိုထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသလို ပြည်သူများ လျှပ်စစ်ဓာတ်အားကို စနစ်တကျနှင့် ချွေတာသုံးစွဲလာစေရေးအတွက် အသိပညာပေးခြင်း၊ တိုက်တွန်းနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် နည်းပညာ ကြောင့် ဓာတ်အားပျောက်ဆုံးမှုများနှင့် နည်းပညာကြောင့်မဟုတ်တဲ့ ဓာတ်အားပျောက်ဆုံးမှုများ (ဓာတ်အားခိုးယူ သုံးစွဲမှုများ) လျော့နည်းပပျောက်စေရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်နေပြီး မသမာသောနည်းလမ်းများနဲ့ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို အဖွဲ့များဖွဲ့စည်း၍ ဖော်ထုတ်အရေးယူလျက်ရှိပါတယ်။ အလားတူ Smart Meter စနစ်သို့ ကူးပြောင်းနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ပြည်သူများကိုယ်တိုင် မီတာဖတ်ရှု၍ မီတာခပေးဆောင်နိုင်မည့် Digital စနစ်နှင့် Control Centre များမှ စောင့်ကြည့်စစ်ဆေးနိုင်မည့် စနစ်တစ်ရပ်ကိုလည်း အကောင်အထည်ဖော်လျက်ရှိပါတယ်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက သတ်မှတ်ကာလအတွင်း လာရောက်အသိပေးသူများကို ဖြေလျှော့ ပေးခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ကာလကျော်လွန်ပြီးနောက် Control Centre များမှ တရားမဝင်ဓာတ်အားသုံးစွဲမှုများကို တွေ့ရှိပါက လျှပ်စစ်ဥပဒေများနှင့်အညီ ဒဏ်ကြေးငွေချမှတ်ခြင်း၊ မီတာ အသုံးပြု ခွင့်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊ လုပ်ငန်းလိုင်စင်ပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။ (NVS 008)