“ဝယ်ယူပြီး စားအုန်းဆီကို အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများကို စိစစ်အရေးယူနေ”

13 Jul

ဝယ်ယူထားတဲ့စားအုန်းဆီကို အမှန်တကယ်အသုံးမပြုဘဲ တစ်ဆင့်ပြန်လည်ရောင်းချသူများကို စိစစ် အရေးယူလျက်ရှိတယ်လို့ စားသုံးသူရေးရာဦးစီးဌာနမှ ဇူလိုင်လ ၁၁ ရက်က အသိပေးကြေညာခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပမှတင်သွင်းတဲ့ စားအုန်းဆီကို ဇူလိုင်လအတွက် ပြည်သူများထံဖြန့်ဖြူးရာမှာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လူဦးရေနှင့်စားသုံးမှုနှုန်းပေါ်မူတည်ကာ ယခင်လများ၏ ဖြန့်ဖြူးမှုအပေါ်အခြေခံကာလျာထားချက် အတိုင်းအပြည့်အဝရောက်ရှိစေရန် အသုတ်လိုက် ဖြန့်ခွဲပေးလျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။ ဒါကြောင့် စားအုန်းဆီကို စားသုံးသူများထံအပြည့်အဝရောက်ရှိရေးအတွက် သက်ဆိုင်ရာဒေသများမှာ ဖွဲ့စည်း ထားသော စားသုံးဆီဖြန့်ဖြူးရောင်းချမှုကြီးကြပ်ရေးအဖွဲ့အဆင့်ဆင့်က ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်းများထံသို့ အပြည့်အဝရောက်ရှိစေရေးအတွက် စက်မှုလုပ်ငန်းသုံးစားအုန်းဆီထုတ်ယူရရှိရန် ပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်း အဖွဲ့က ဆောင်ရွက်ပေးလျက်ရှိကာ စက်မှုလုပ်ငန်းသုံးစားအုန်းဆီကို အမှန်တကယ်လိုအပ်တဲ့ လုပ်ငန်း အရေအတွက် ပေါ်အခြေခံစိစစ်တွက်ချက်ပြီး ဖြန့်ဖြူးရောင်းချရန် စီစဉ်ပေးလျက်ရှိတယ်လို့ အသိပေးခဲ့ပါတယ်။ ဒါကြောင့် လုပ်ငန်း ရှင်များအနေနဲ့ အမှန်တကယ်လိုအပ်တဲ့ အရေအတွက်ကိုသာ လျှောက်ထားဝယ်ယူအသုံးပြုကြရန် စားသုံးသူရေးရာ ဦးစီးဌာနက အသိပေးကြေညာခဲ့ပါတယ်။ (NVS 008)

13 Jul

ADVERTISE HERE .