“ပြင်ဦးလွင်မြို့ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားကျင်းပ”
12 Jul
ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရေးနှင့် ဒေသခံ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ အဆင့်မြှင့်တင်တည်ဆောက်ပြီးစီးခဲ့သည့် ပြင်ဦးလွင်မြို့၊ အနီးစခန်းလေဆိပ် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၁ ရက်နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က တက်ရောက်ဖွင့်လှစ်ကာ အမှာစကား ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးခင်မောင်ရီ၊ ဦးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ ဦးဆန်းဦး၊ ဦးမျိုးသန့်၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ညှိနှိုင်းကွပ်ကဲ ရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကိုကိုဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါတယ်။ အနီးလေဆိပ်က ပြင်ဦးလွင်ဒေသ ခရီးသွားကဏ္ဍတစ်ခုတည်းအတွက်သာမကဘဲ နိုင်ငံတော်၏ အချက်အလက်နှင့် နည်းပညာကဏ္ဍ(ICT Sector)ကိုပါ တိုးတက်မြင့်မားရေးအတွက် ဗဟိုချက်မဖြစ်သည့် ရတနာပုံဆိုက်ဘာစီးတီးကို ကမ္ဘာ့အဆင့်မီ Silicon Valley တစ်ခုအဖြစ် ပေါ်ထွန်းလာစေရေး ရည်ရွယ်ဆောင်ရွက်ရာတွင် အဓိကကျသည့် လေကြောင်းဆက်သွယ်ရေးတံခါးပေါက်(Strategic Gateway) ဖြစ်လာစေမှာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပမှ နည်းပညာရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရတနာပုံဆိုက်ဘာစီးတီးကို အချိန်တိုအတွင်း လျင်မြန်ချောမွေ့စွာ ဝင်ထွက်သွားလာနိုင်ခြင်းအားဖြင့် နိုင်ငံတော်၏နည်းပညာဖွံ့ဖြိုးမှုနှင့် ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍကို အရှိန်အဟုန် ဖြင့် မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ပန်းမြို့တော် ပြင်ဦးလွင်ဒေသ၏ အဓိကဂုဏ်ဆောင်ဖြစ်သည့် အဆင့်မြင့်ပန်းမန်များ၊ ကော်ဖီနှင့် စတော်ဘယ်ရီ စသည့် လတ်ဆတ်မှုလိုအပ်သည့် အရည်အသွေးမြင့် စိုက်ပျိုးရေးထုတ်ကုန်များကို လေကြောင်း ကုန်စည်ပို့ဆောင်ရေးစနစ်(Air Cargo & Cold Chain Logistics)ကိုအသုံးပြုပြီး ပြည်တွင်းဈေးကွက်များသာမက ပြည်ပနိုင်ငံများသို့ပါ အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်တင်ပို့ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပါတယ်။ ၎င်းအခြေအနေက ဒေသခံတောင်သူများနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းသစ်များစွာကို ဖန်တီးပေးပြီး ဒေသ ဖွံ့ဖြိုးရေးနှင့် ခေတ်မီစိုက်ပျိုးစီးပွားရေးကဏ္ဍကိုလည်း မြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း သိရပါတယ်။(NVS 008)