တရုတ်နှင့်မြောက်ကိုရီးယားတို့ကြား မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ကိုထိန်းသိမ်းရန် သမ္မတ ရှီကျင့်ဖျင် တိုက်တွန်း
11 Jul
တည်ငြိမ်မှုမရှိသော ကမ္ဘာ့နိုင်ငံ ရေးပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့အနေဖြင့် မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ကို ဆက်လက်ထိန်းသိမ်းရန် တရုတ်သမ္မတရှီကျင့်ဖျင်က တိုက်တွန်းလိုက် ကြောင်း သိရသည်။ ရှီကျင့်ဖျင်သည် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် မြောက်ကိုရီးယား ဝန်ကြီးချုပ် ပက်သဲနှင့်ပေကျင်းမြို့၌ ဇူလိုင်လ ၁၀ ရက်တွင်တွေ့ဆုံစဉ်ယခုကဲ့သို့ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံနှင့်မြောက်ကိုရီးယားနိုင်ငံတို့မှခေါင်းဆောင်များကြား ရရှိထားသည့် သဘောတူညီချက် များကို အကျိုးဖြစ်ထွန်းအောင် အမြန်ဆုံးအကောင်အထည်ဖော်ရန်လည်း ရှီကျင့်ဖျင်က တိုက်တွန်းထားသည်။ ရှီကျင့်ဖျင်သည် ခုနစ်နှစ်အတွင်း ပထမဆုံးမြောက်ကိုရီးယားခရီးစဉ်အဖြစ် ပြီးခဲ့သည့်လတွင် သွားရောက်ပြီး နောက် နှစ်နိုင်ငံကြားရှိ နိုင်ငံရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုနယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် ရန် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအွန်နှင့်သဘောတူထားခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းဌာန များက ဖော်ပြထားသည်ဟု ST သတင်းဌာနဖော်ပြချက်အရ သိရသည်။