“ဩစတြေးလျက နျူကလီးယားစွမ်းအင်အတွက် အိန္ဒိယသို့ ယူရေနီယံတင်ပို့မည်”
10 Jul
ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီးစီနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့သည် ဇူလိုင် လ ၉ ရက်က သဘောတူညီချက်တစ်ရပ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းသဘောတူညီချက်အရ ဩစတြေးလျ နိုင်ငံက နျူကလီးယားစွမ်းအင်အတွက် အသုံးပြုမည့် ယူရေနီယံကို အိန္ဒိယနိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိနျူကလီးယားပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်အောက်တွင် ငြိမ်းချမ်းသော ရည်ရွယ်ချက် များ အတွက်အသုံးပြုရန် အိန္ဒိယသို့ယူရေနီယံတင်ပို့မည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း အယ်လ်ဘာနီးစီ က ဇူလိုင်လ ၉ ရက်တွင် မဲလ်ဘုန်းမြို့၌ ကျင်းပသည့် တတိယအကြိမ်မြောက် ဩစတြေးလျ - အိန္ဒိယ ထိပ်သီးအစည်းအဝေးတွင် ပြောကြားသည်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီ သည် ဩစတြေးလျနိုင်ငံသို့ သုံးရက်ကြာ တရားဝင်ခရီးစဉ်ဖြင့် လာရောက်ခြင်း ဖြစ်ပြီး ဇူလိုင်လ ၈ ရက် ညပိုင်းတွင် ရောက်ရှိခဲ့သည်။ နျူကလီးယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်သည် အရေးပါပြီး အိန္ဒိယနိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်သစ်တစ်ရပ် ဖြစ်စေမည်ဟု မိုဒီ က ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။