“နတ်မောက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ (၇၉)နှစ်မြောက် အာဇာနည်နေ့ အထူးပြပွဲ ပြသမည်”

10 Jul

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၊ အောင်ဆန်းရပ်ကွက်ရှိ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်မှာ (၇၉) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲကို ကျင်းပပြသနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရပါတယ်။ အဆိုပါအထူးပြပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးကြိုးပမ်းမှု ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများနှင့် ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ ဖြစ်ရပ်ဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို အစီအစဉ်တကျ ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နတ်မောက်မြို့ရှိ ကလေးငယ်များ၏ ဆုရပန်းချီ၊ စာစီစာကုံး၊ ကဗျာနှင့် သမိုင်းမှတ်တမ်းဆိုင်ရာ လက်ရာများကိုလည်း ထည့်သွင်းပြသသွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ အထူးပြပွဲကာလအတွင်း လာရောက် လေ့လာမည့် ပြည်သူများနှင့် ခရီးသွားဧည့်သည်များ အဆင်ပြေစွာ ကြည့်ရှုနိုင်ရေးအတွက် ပြတိုက်ဝင်း သန့်ရှင်းရေး လုပ်ငန်းများ၊ ပြခန်းများအတွင်း ပိုးသတ်ဆေးဖျန်းခြင်းနှင့် ပြသမည့် သတင်းမှတ်တမ်းဘုတ်များကို ကြိုတင် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက်ကို ပုံမှန်အားဖြင့် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ ကျန်ရက်များမှာ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ထားပြီး ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့မှာ နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အချိန်တိုးမြှင့်ဖွင့်လှစ်ကာ မည်သူမဆို အခမဲ့လာရောက်လေ့လာနိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 008)

10 Jul

ADVERTISE HERE .