“ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်သူ ၂၃၄ ဦးကို ပြန်လည်ထူထောင်ရေးများ ပြုလုပ်ပေးနိုင်ခဲ့”
10 Jul
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အောက်ရှိ ပြန်လည်ထူထောင်ရေးစခန်းများမှာ မူးယစ်ဆေးဖြတ်ပြီးသူများအတွက် နောက်ဆက်တွဲစောင့်ရှောက်မှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)ဗဟိုရုံးမှာ ယခုနှစ်အတွင်း မူးယစ်ဆေးဖြတ်သင်တန်းသားစုစုပေါင်း ၂၃၄ ဦးကို စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ နောက်ဆက်တွဲစောင့်ရှောက်မှုများ အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအသင်းအနေနဲ့ မူးယစ်ဆေးစွဲလူနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ လူမှုကွန်ရက်စာမျက်နှာများမှ တစ်ဆင့် ဆက်သွယ်လာသူများကို ဆေးရုံများသို့လွှဲပြောင်းကာ ဆေးဖြတ်ကုသနိုင်ရေး ဆောင်ရွက်ပေးခြင်း၊ ဆေးရုံမှ ဆင်းလာသူများကို ပြန်လည်ထူထောင်ရေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်ပေးခြင်းနှင့် သင်တန်းဆင်းပြီးသူများ အား နောက်ဆက်တွဲစောင့်ရှောက်မှုပေးခြင်းတို့ကို ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။ မူးယစ်ဆေးဖြတ်ပြီးသူများ လူမှုဘဝသို့ အောင်မြင်စွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်း ဆိုင်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက်အရှိန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)