“ပိုးသတ်ဆေး ၄,၆၇၀ မျိုး မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်”
09 Jul
ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၈) ကြိမ်မြောက် အစည်းအဝေးကို ဇူလိုင်လ ၈ ရက်နံနက်ပိုင်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမမှာကျင်းပခဲ့ပြီး ပိုးသတ်ဆေး ၄,၆၇၀ မျိုး မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်ကြောင်း သိရပါတယ်။ အစည်းအဝေးမှာ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာစကား ပြောကြားခဲ့ပြီး အတွင်းရေးမှူးက ပိုးသတ်ဆေးနည်းပညာကော်မတီ၏ စိစစ်ထောက်ခံချက်နဲ့ ပိုးသတ်ဆေးမှတ်ပုံတင် ခွင့်ပြုရန် လျှောက်ထားလာတဲ့ လျှောက်လွှာများကို တင်ပြခဲ့ပါတယ်။ အဆိုပါအစည်းအဝေးမှာ ပိုးသတ်ဆေးအမျိုးပေါင်း ၁၇၉ မျိုးကို မှတ်ပုံတင်ခွင့်ပြုနိုင်ရေးအတွက် စိစစ် ဆွေးနွေးခဲ့ကြပြီး (၄၇) ကြိမ်မြောက် အစည်းအဝေးပြီးစီးချိန်အထိ ပိုးသတ်ဆေးစုစုပေါင်း ၄,၆၇၀ မျိုးကို မှတ်ပုံတင် ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရပါတယ်။ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့အနေနဲ့ ပိုးသတ်ဆေးဆိုင်ရာစံသတ်မှတ်ချက် များနှင့် ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း၊ စိုက်ပျိုးရေးထွက်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ထိန်းကျောင်းကြပ်မတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါတယ်။ ဒါ့အပြင် ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ်မှစတင်၍ Myanmar Agricultural Import Registration System(MAIRS) Online System ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)