“ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်နိုင်ပြီး မြစ်ကြီးနားမြို့က စိုးရိမ်ရေအမှတ်အောက်ရှိနေ”
09 Jul
ဧရာဝတီမြစ်ရေအခြေအနေသည် မြစ်ကြီးနားမြို့တွင် ဇူလိုင်လ ၈ ရက် နံနက် ၆ နာရီခွဲ တိုင်းတာချက်အရ မြစ်ရေ ၇၈၄ စင်တီမီတာအထိ ရောက်ရှိနေပြီး ယမန်နေ့ ညနေ ၆ နာရီခွဲမှ ၁၂ နာရီအတွင်း ၁၀၀ စင်တီမီတာခန့် (၃ ပေကျော်) ထပ်မံမြင့်တက်လာသည်ဟု မြစ်ကြီးနာမြို့ မိုးလေဝသဦးစီးဌာနကနေ သိရပါတယ်။ လက်ရှိမြစ်ကြီးနားမြစ်ရေက စိုးရိမ်ရေအမှတ် ၁,၂၀၀ စင်တီမီတာသို့ ရောက်ရှိရန် ၄၁၆ စင်တီမီတာခန့် (၁၃ ပေခွဲကျော်) အလိုမှာရှိနေသေးတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၈ ရက်နံနက်ပိုင်းတိုင်းထွာချက်အရ မြစ်ရေက ၂၅၆ စင်တီမီတာခန့် (၈ ပေခွဲနီးပါး) မြင့်တက်ခဲ့ပြီးနောက် အနည်းငယ်ပြန်လည်ကျဆင်းလာသော်လည်း ပြန်လည် မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ လက်ရှိမှာ ကချင်ပြည်နယ်တစ်ခုလုံး၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများနှင့် ဧရာဝတီမြစ်အထက်ပိုင်း မေခ၊ မလိခမြစ်ဝှမ်းဒေသများတွင် မိုးအသင့်အတင့်မှ မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသဖြင့် မြစ်ကြီးနားမြစ်ရေမှာ ဆက်လက်မြင့်တက်နိုင်တဲ့ အခြေအနေရှိနေကြောင်း သိရပါတယ်။ ယခုနှစ်ဇွန်လအတွင်း မြစ်ကြီးနားမြစ်ရေ အတက်အကျ ၆ ကြိမ်အထိဖြစ်ပေါ်ခဲ့ပြီး ဇူလိုင်လအတွင်း လက်ရှိမြစ်ရေတက်မှုမှာ တတိယအကြိမ်ဖြစ်ကြောင်း သိရပါတယ်။ မြစ်ကြီးနားမြစ်ရေက ဇူလိုင်လ ၃ ရက်မှစတင်ကာ အတက်အကျဖြစ်ပေါ်ခဲ့ပြီး လက်ရှိနောက်ဆုံးအကြိမ် မြစ်ရေတက်မှုမှာ ၈ ပေခွဲနီးပါးအထိ မြင့်တက်ခဲ့ကြောင်း သိရပါတယ်။ ဧရာဝတီမြစ်ရေအခြေအနေကို ၂၄ နာရီ စောင့်ကြည့်တင်ပြနေပြီး ထူးခြားပြောင်းလဲမှုများ ဖြစ်ပေါ်လာပါက အချိန်နှင့်တပြေးညီ အသိပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ (NVS 008)