“ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ ရှေးဟောင်းဘုရားများ ကမ်းပါးပြိုကျမှုမရှိစေရေး ဆောင်ရွက်ခဲ့”
09 Jul
အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဒုဋ္ဌဝတီမြစ်ကမ်းဘေးရှိ အင်းဝမြို့ဟောင်းအတွင်း ရှေးဟောင်းဘုရားများ ကမ်းပါးပြိုကျမှုမရှိစေရေး တားဆီးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဟံသာဝတီကျေးရွာအုပ်စု၊ မုံ့တီစုရပ်၊ ဂိုဏ်းအုတ်ကျောင်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံအမှတ် (၅၃၄-က) သိမ်ကျောင်းမှာ ဒုဋ္ဌဝတီမြစ်ကမ်းပါးနှင့်ကပ်လျက်ရှိပြီး မြစ်ရေကြီးခြင်း၊ လေတိုက်ခြင်းနှင့် လှိုင်းများ ပုတ်ခတ်ခြင်း တို့ကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပေါ်လျက်ရှိနေတဲ့အတွက် ဂိုဏ်းအုတ်ကျောင်းဆရာတော်ထံမှ ဩဝါဒခံယူ၍ အရေးပေါ်တားဆီးကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ ဒုဋ္ဌဝတီမြစ်ကမ်းရှိ ရှေးဟောင်းဘုရားအမှတ် (၅၀၃)မှာ ဇွန်လ ၁၉ ရက်ညနေပိုင်းက မြစ်ရေကြီး၍ လေတိုက်ပြီး လှိုင်းများပုတ်ခတ်၍ မြစ်အတွင်း ပြိုကျခဲ့မှုများဖြစ်ခဲ့တာကြောင့် ကမ်းပါးရှိရှေးဟောင်းဘုရားများ ထပ်မံပြိုကျပျက်စီးမှုမဖြစ်ပေါ်စေရေးနှင့် အခြားသဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန် စနစ်တကျ တွက်ချက်ပြင်ဆင်ပြီး ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲမှ သိရပါတယ်။ ဆက်လက်၍ အဆိုပါဌာနခွဲမှ အင်းဝမြို့ဟောင်း သတိုးမင်းဖျား၏ တောင်ဘက်မြို့ရိုး၊ အနောက်တောင် ထောင့်မှ ရန်နှိမ်တံခါးအထိ ပေ ၁,၆၀၀ ခန့်ကို Phase 1 အဖြစ် သတ်မှတ်ကာ သုတေသနပြုတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေပြီး အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီးမှာ မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ထိခိုက် ပျက်စီးမှုများ ပြန်လည်ပြုပြင်မွမ်းမံနေမှုအခြေအနေများကို ကာလသတ်မှတ်၍ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ (NVS 008)