“ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုမှာ ယခုတစ်ပတ်အတွင်း မိုးထစ်ချုန်း ရွာသွန်းနိုင်”

09 Jul

မုတ်သုံလေအားကောင်းလာနိုင်၍ ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၁ ခုမှာ ဇူလိုင်လ ၉ ရက် မှ ၁၆ ရက်အတွင်း မိုးထစ်ချုန်းရွာသွန်းနိုင်တယ်လို့ မိုးကြီးမည့်သတိပေးချက် အမှတ်စဉ် (၉/၂၀၂၆)အဖြစ် သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)တို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း သိရပါတယ်။ ဒါကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဘေးအန္တရာယ် များဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီး နေထိုင်သူများအနေနဲ့ မြေပြိုမှုအန္တရာယ်နှင့်မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်သူများအနေနဲ့ ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုကြရန် အသိပေးခဲ့ပါတယ်။ ပြည်တွင်းလေကြောင်း ပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေနဲ့ ကြိုတင်သတိပြုကြရန် မိုးဝလေဝသနှင့်ဇလဗေဒဦးစီးဌာန ကနေ သတိပေးခဲ့ပါတယ်။ (NVS 008)

09 Jul

ADVERTISE HERE .