“အီဂျစ်အသင်းကို အနိုင်ရရှိပြီး အာဂျင်တီးနားအသင်း ကွာတားဖိုင်နယ်အဆင့် တက်ရောက်”

08 Jul

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်း ရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် အာဂျင်တီးနားနှင့် အီဂျစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အာဂျင်တီးနားအသင်းက သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက် နိုင်ခဲ့ပါတယ်။ နှစ်သင်းစလုံးအဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပွဲစကတည်းက အာဂျင်တီးနားအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့သော်လည်း ပွဲချိန် ၁၅ မိနစ်တွင် အီဘရာဟင် က ခေါင်းတိုက် ဘောမှတစ်ဆင့် အီဂျစ်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူ နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းက ဦးဆောင်ဂိုးပေးခဲ့ရပြီးနောက် တရစပ်တိုက်စစ်ဆင် ကစားခဲ့ရာမှ ပွဲချိန် ၂၁ မိနစ်မှာ ရရှိခဲ့တဲ့ ပင်နယ်တီကန်သွင်းကို မက်ဆီ ကန်သွင်းခဲ့သော်လည်း အီဂျစ်အသင်းဂိုးသမား ရှိုဘီဘာ က လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ မက်ဆီ ရဲ့ အပိုင်ဂိုးကန်သွင်းချက်များကိုလည်း ထပ်မံကာကွယ်မှုများ ပြုလုပ်နိုင်ခဲ့လို့ ပထမပိုင်းအပြီးမှာ အီဂျစ် အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းတွင်လည်း အာဂျင်တီးနားအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ဆက်လက်ဖိအားပေး ကစားနိုင်ခဲ့သော်လည်း အီဂျစ်အသင်းက တန်ပြန်တိုက်စစ်များမှတစ်ဆင့် တုံ့ပြန်ကစားနိုင်ခဲ့ကာ ပွဲချိန် ၅၈ မိနစ်တွင် ဇီကို က အီဂျစ်အသင်းအတွက် ဒုတိယဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့သော်လည်း ပယ်ဖျက်ခြင်းခံခဲ့ရပါတယ်။ ဒုတိယပိုင်းပွဲချိန် ၆၈ မိနစ်တွင် ဇီကို က အီဂျစ်အသင်းအတွက် ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပေမယ့် ပွဲချိန် ၇၉ မိနစ်တွင် ရိုမဲရိုး၊ ၈၃ မိနစ်တွင် မက်ဆီ နှင့် မိနစ် ၉၀ ပြည့်ပြီး အချိန်ပိုနှစ်မိနစ်တွင် အန်ဇိုဖာနန်ဒက် တို့က ချေပဂိုးများနှင့် ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပွဲပြီးဆုံးချိန်တွင် အာဂျင်တီးနားအသင်းက အီဂျစ်အသင်းကို သုံးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။(NVS 008)

08 Jul

ADVERTISE HERE .