“နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားနိုင်သည်များကို အမြဲလေ့လာသုံးသပ် ဆန်းစစ်အဖြေရှာ ဆောင်ရွက်ရန်မှာကြား”
08 Jul
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ရာတွင် ယခင်က နိုင်ငံတော်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ် သင်ခန်းစာယူ၍ မိမိတို့တာဝန်ယူထားရသည့် ကာလအတွင်း မည်ကဲ့သို့ ကောင်းအောင်ဆောင်ရွက်သွားနိုင်သည်များကို အမြဲလေ့လာသုံးသပ် ဆန်းစစ်အဖြေရှာဆောင်ရွက် သွားကြရန်လိုကြောင်း မှာကြားခဲ့ပါတယ်။ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းခန်းမ၌ ဇူလိုင်လ ၇ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက အထက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ခြင်း ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အစိုးရ၏တာဝန်ဖြစ်ပြီး မဖြစ်မနေ ကြိုးပမ်း ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရန်အတွက် တည်ငြိမ်အေးချမ်းမှုလည်းလိုအပ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့ နိုင်ငံတော်တာဝန်ယူဆောင်ရွက်သည်မှာ သုံးလတာကာလအတွင်းသို့ ရောက်ရှိလာပြီးဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍ များအလိုက် ဖွဲ့စည်းထားသည့်ကော်မတီများ၊ ကော်မရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများ တိုးတက်မှု အခြေအနေများကို လစဉ်ဆန်းစစ်သုံးသပ် ဆောင်ရွက်နေရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး နိုင်ငံဖွံ့ဖြိုးရေးတွင် စီးပွားရေးဖွံ့ဖြိုးတက်မှုသည် အရေးကြီးပြီး မိမိတို့အတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ ကုန်ဈေးနှုန်းများ ကြီးမြင့်ခြင်းပင်ဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပေါ်ရခြင်းမှာလည်း ရောင်းလိုအားနှင့် ဝယ်လိုအားများ မမျှတခြင်းနှင့် ကုန်ထုတ်လုပ်မှုစရိတ် မြင့်မားခြင်းများကြောင့်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်ရခြင်းသည်လည်း ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့်ဖြစ်သည့် အကျိုးဆက်များကြောင့်ပင်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှု မြင့်မားစေရေးအတွက်ဆောင်ရွက်ရန် မဖြစ်မနေလိုအပ်ကြောင်း၊ ထုတ်ကုန် ပစ္စည်းများ တိုးတက်များပြားလာမှသာ ပို့ကုန်ပစ္စည်းများရရှိပြီး ထိုမှတစ်ဆင့်ရရှိသည့် နိုင်ငံခြားငွေများဖြင့် သွင်းကုန် များကို တင်သွင်းနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံ၏ဝင်ငွေနှင့် ထွက်ငွေများ မျှတနေမှသာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို အထိုက် အလျောက် လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ကုန်ထုတ်လုပ်မှုများ မြင့်မားလာစေရေး ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါတယ်။ အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)နှင့် တာဝန်ရှိသူများ တက်ရောက် ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့်တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 008)