“ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားတဲ့ မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံးမီတာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး”
07 Jul
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌက ရုံးချုပ်နှင့်ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၄ ရက်က ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ပါတယ်။ မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု၊ မီတာဖတ်ရှုမှုနှင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု လျှော့ချရေးဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ပါတယ်။ အခုလိုကွင်းဆင်းစစ်ဆေးခဲ့ရာမှာ အဓိကကဏ္ဍတစ်ခုအနေဖြင့် ဓာတ်အားလေလွင့်ပျောက်ဆုံးမှု များပြားနေတဲ့ (၃၃) ကေဗီ မြောင်းတကာ – မှော်ဘီ ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်အားသုံးစွဲမှုများသော စက်မှုလုပ်ငန်းများ၏ မီတာများကို ရှောင်တခင်သွားရောက် စစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် ဓာတ်အားလိုင်းတစ်လျှောက် ပျောက်ဆုံးမှုနှုန်းများကို ခွဲခြားသိရှိနိုင်ရန်အတွက် (၃၃) ကေဗီ Check Meter ၂ လုံးကို အမြန်ဆုံးတပ်ဆင်သွားရန်နှင့် တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စောင့်ကြပ်ထိန်းချုပ် သွားရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ ခရီးစဉ်အတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌနှင့်အဖွဲ့က မှော်ဘီမြို့နယ် လျှပ်စစ် မန်နေဂျာရုံး၊ မြို့နယ်အတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများနှင့် ရပ်ကွက်များအတွင်း ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများကို လှည့်လည်စစ်ဆေးခဲ့သည့်အပြင် (၃၃/၁၁) ကေဗီ (၂၀) အမ်ဗီအေ အုတ်စက်ဓာတ်အားခွဲရုံသို့ သွားရောက်ကာ ဖီဒါအလိုက် ဓာတ်အားဖြန့်ဖြူးမှု၊ လေလွင့်ဆုံးရှုံးမှုနှင့် မီတာဖတ်မှတ်တမ်းရေးသွင်းမှု အခြေအနေ များကိုပါ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)