“ဘင်္ဂလားဒေ့ရှ်နှင့်ဆော်ဒီအာရေဗျမှာကျင်းပတဲ့ အာဆီယံကော်မတီအစည်းအဝေးများသို့ မြန်မာသံအမတ်ကြီး တက်ရောက်”
07 Jul
မြန်မာနိုင်ငံ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်စိုးမိုးက ဇူလိုင်လ ၅ ရက်က ဒါကာမြို့ရှိ Crowne Plaza Hotel မှာကျင်းပတဲ့ (၆၈) ကြိမ်မြောက် အာဆီယံ-ဒါကာကော်မတီသံရုံးအကြီးအကဲများ အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးကို အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Ms. Listy owati ကဦးဆောင်ခဲ့ပြီး အာဆီယံ-ဒါကာ ကော်မတီ၏ ယခင်ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်များကို ပြန်လည် သုံးသပ်ကာ အနာဂတ်မှာ အကောင်အထည်ဖော်မည့်အစီအစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ ဒါ့အပြင် ASEAN Day 2026 ကျင်းပရေး၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အိမ်ရှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးအပြီးမှာ အာဆီယံ-ဒါကာကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးထံမှ မလေးရှားနိုင်ငံ သံအမတ်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးနေမျိုးဦး က ဇူလိုင်လ ၅ ရက်က ရီယာ့ဒ်မြို့ Diplomatic Quarter မှာကျင်းပတဲ့ အာဆီယံ-ရီယာ့ဒ်ကော်မတီ (ASEAN Riyadh Committee – ARC) အစည်းအဝေးနှင့် အာဆီယံသံအမတ်ကြီးများ၏ အလုပ်သဘောနေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးမှာ အာဆီယံသံအမတ်ကြီးများက ဆော်ဒီအာရေဗျနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသဆိုင်ရာ အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် အထူးဧည့်သည်တော်အဖြစ် တက်ရောက်လာသည့် ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E. Mr. Yasunari Morino က ကမ္ဘာလုံး ဆိုင်ရာစွမ်းအင်ကဏ္ဍ ရင်ဆိုင်နေရတဲ့ အခက်အခဲများနှင့်ဖြေရှင်းနိုင်မည့် နည်းလမ်းများအပေါ် အမြင်များဖလှယ်၍ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ (NVS 008)