“နေပြည်တော်နှင့် ရှမ်းပြည်နယ်တို့မှာ တပ်မတော်ရဟတ်ယာဉ်နဲ့ သစ်စေ့မြေလုံး ၃ သိန်းကြဲချ”

07 Jul

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)တို့ ပူးပေါင်း၍ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆင်သေချောင်းရေဝေရေလဲဧရိယာရှိ လွှဘုံကြိုးဝိုင်းအတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေကန်ရေဝေရေလဲဧရိယာရှိ အင်းလေးအနောက်ကြိုးပြင် ကာကွယ်တောတို့ အတွင်းသို့ ဇူလိုင်လ ၅ ရက်နံနက်ပိုင်းမှာ တပ်မတော်ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံး ၃ သိန်းကို ကြဲချခဲ့ကြကြောင်း သိရပါတယ်။ ဆင်သေချောင်းရေဝေရေလဲဧရိယာအတွင်း လွှဘုံကြိုးဝိုင်းအကွက်အမှတ်(၁၅)ရှိ ဧရိယာ ၂၀၀ ဧကမှာ ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား ၄ မျိုးဖြစ်တဲ့ ကုက္ကိုလ်၊ စစ်၊ မဲဇလီ၊ ဘောစကိုင်းသစ်စေ့များဖြင့် ပြုလုပ် ထားသော သစ်စေ့မြေလုံး ၁၀၀,၀၀၀ လုံးကိုကြဲချခဲ့ကြကြောင်း သိရပါတယ်။ ထို့အတူ အင်းလေးကန်ရေဝေရေလဲဧရိယာအတွင်း အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောရှိ ဧရိယာ ၄၃၀ ဧကမှာ ဒေသနှင့်ကိုက်ညီသော သစ်ပင်အမျိုးအစား ၄ မျိုးဖြစ်တဲ့ ကုက္ကိုလ်၊ ဘောစကိုင်း၊ မဲဇလီ၊ အော်ရီးရှား သစ်စေ့များနဲ့ ပြုလုပ်ထားသော သစ်စေ့မြေလုံး ၂၀၀,၀၀၀ လုံးကို ကြဲချခဲ့ကြကြောင်း သိရပါတယ်။ သစ်စေ့မြေလုံး ကြဲချစိုက်ပျိုးခြင်းက ကုန်ကျစရိတ်သက်သာခြင်း၊ လူအင်အားအနည်းငယ်နဲ့ ဧရိယာကျယ်ဝန်းစွာစိုက်ပျိုးနိုင်ခြင်း၊ သွားလာရန်ခက်ခဲသည့် တောင်ကုန်း၊ တောင်တန်းများမှာ ရဟတ်ယာဉ်များဖြင့်ဆောင်ရွက်နိုင်ခြင်း၊ အချိန်တိုအတွင်း ဧရိယာကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ပျိုးပင်ဖြင့်စိုက်ပျိုးခြင်းကဲ့သို့ ရှင်သန်အောင်မြင်မှု အထိုက်အလျောက်ထိရောက်မှုရှိကြောင်း သိရပါတယ်။ ဒါကြောင့် ၂၀၂၆ ခုနှစ်၊ မိုးရာသီတွင် နေပြည်တော်၊ တပ်ကုန်းမြို့နယ်ရှိ ဆင်သေချောင်းရေဝေရေလဲဒေသ အတွင်းနှင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးအနောက်ကြိုးပြင်ကာကွယ်တောအတွင်း သစ်စေ့ကြဲချခြင်း အောင်မြင်ရှင်သန်မှုအခြေအနေများကို ၂၀၂၆ ခုနှစ်၊ ဒီဇင်ဘာလမှာ နမူနာကွက်များပြုလုပ်၍ အပင်ပေါက်ရောက်မှု ကာလနှင့် သစ်စေ့မျိုးအလိုက်ပေါက်ရောက်မှု၊ ရှင်သန်နိုင်မှုတို့ကို စာရင်းကောက်ယူသွားမှာဖြစ်ကြောင်းသိရပါတယ်။ (NVS 008)

07 Jul

ADVERTISE HERE .