“အိမ်ရှင်မက္ကဆီကိုအသင်းကို အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်း”
06 Jul
၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်အသင်းနှင့် မက္ကဆီကို အသင်းတို့ပွဲစဉ်မှာ အင်္ဂလန်အသင်းက ၃ ဂိုး၊ ၂ ဂိုးနဲ့ အနိုင်ရရှိကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်ခဲ့ ပါတယ်။ အဆိုပါပွဲစဉ်မှာ အင်္ဂလန်အသင်းက အိမ်ရှင်မက္ကဆီကိုအသင်းကို အကောင်းဆုံးဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၃၆ မိနစ်နှင့် ၃၈ မိနစ်မှာ ဘယ်လင်ဟမ် က ဦးဆောင်ဂိုး ၂ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အိမ်ရှင် မက္ကဆီကို အသင်းက ပွဲချိန် ၄၂ မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်း ပွဲပြီးဆုံးချိန်မှာ ၂ ဂိုး၊ ၁ ဂိုးနဲ့ အင်္ဂလန်အသင်းက ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲစဉ်မှာ နှစ်ဖက်အသင်းက အပြန်အလှန်တိုက်စစ်ဆင်ကစားခဲ့ကြပြီး အကြိတ်အနယ်ရှိခဲ့ကာ အင်္ဂလန်အသင်းရဲ့ နောက်တန်းကစားသမား ကွန်ဆာ က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။ ဒါကြောင့် အင်္ဂလန်အသင်းက အိမ်ရှင်မက္ကဆီကိုအသင်းရဲ့ ဖိအားပေးမှုကို အကောင်းဆုံးတုံ့ပြန်ကစားရင်း ပွဲချိန် ၆၀ မိနစ်မှာ ဟယ်ရီကိန်း က ဦးဆောင်ဂိုးတစ်ဂိုး ထပ်မံရရှိခဲ့သလို ပွဲချိန် ၆၉ မိနစ်မှာ မက္ကဆီကိုအသင်းက ချေပဂိုးထပ်မံ ရရှိ ပါတယ်။ ဒါကြောင့် ပွဲပြီးဆုံးချိန်မှာ အင်္ဂလန်အသင်းက တစ်ယောက်လျော့အနေအထားနဲ့ အိမ်ရှင်မက္ကဆီကိုအသင်း ကို ၃ ဂိုး ၂ ဂိုး နိုင်ရရှိခဲ့ကာ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ကွာတားဖိုင်နယ်အဆင့်မှာ အင်္ဂလန်အသင်းက ဘရာဇီးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ နော်ဝေးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ (NVS 008)