“အမေရိကန်လွတ်လပ်ရေးနှစ် ၂၅၀ ပြည့် သမ္မတဒေါ်နယ်ထရမ့် မိန့်ခွန်းပြောကြား”
06 Jul
အမေရိကန်နိုင်ငံ လွတ်လပ်ရေးရရှိမှု နှစ် ၂၅၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ဝါရှင်တန်မြို့ နေရှင်နယ်မောလ်ပန်းခြံ၌ ဇူလိုင်လ ၄ ရက်တွင် ကျင်းပခဲ့ရာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါအခမ်းအနားကို ရာသီဥတုအခြေအနေကြောင့် နှစ်နာရီမျှနောက်ကျ၍ ကျင်းပခဲ့ရခြင်းဖြစ်ကြောင်း အမေရိကန်မီဒီယာများက သတင်းထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံလွတ်လပ်ရေးရရှိမှု နှစ် ၂၅၀ ပြည့် အခမ်းအနားမိန့်ခွန်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သည် အမေရိကန်နိုင်ငံ၏ သမိုင်းတစ်လျှောက် အောင်မြင် မှုများကို ဂုဏ်ပြုစကားပြောကြားခဲ့သည်။ ထို့ပြင်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၌ ဆန္ဒမဲပေးမှုစနစ်များကို အပြောင်းအလဲပြုလုပ်ရန်လည်း အမေရိကန်နိုင်ငံ လွတ်လပ်ရေးရရှိမှု နှစ် ၂၅ဝ ပြည့်အထိမ်းအမှတ်မိန့်ခွန်း၌ ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းပြောကြားခဲ့သည်။ အလားတူ အမေရိကန်နိုင်ငံ၌ ကွန်မြူနစ်များအားကောင်း လာကြောင်းလည်း အဆိုပါမိန့်ခွန်း၌ သမ္မတ ဒေါ်နယ်ထရမ့် က သတိပေးပြောကြားခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့် သည် လက်ဝဲယိမ်း ဒီမိုကရက်တစ်ပါတီ အုပ်စုဝင်များကို ကွန်မြူနစ်များအဖြစ် ယခင်က စွပ်စွဲပြောကြားခဲ့ဖူးသည်။ သာမန်အားဖြင့် အမေရိကန်သမ္မတများသည် ဇူလိုင်လ ၄ ရက် လွတ်လပ်ရေးနေ့ အခမ်းအနားများသို့ ကိုယ်တိုင်တက်ရောက်လေ့မရှိသော်လည်း သမ္မတ ဒေါ်နယ်ထရမ့် ကမူ အဆိုပါအစဉ်အလာကို ချိုးဖောက်၍ ကိုယ်တိုင်တက်ရောက် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။