“ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေး သမဝါယမစနစ်ဖြင့် ရောင်းချပေးနေ”

06 Jul

တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်မှာ စိုက်ပျိုးရေးအထွက်နှုန်း တိုးတက်လာပြီး ဝင်ငွေပိုမို ရရှိစေရန် လိုအပ်တဲ့ ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် သမဝါယမစနစ်နဲ့ စုပေါင်း ဝယ်ယူကာ စုပေါင်းဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးသိုက်စိုးက ဇူလိုင်လ ၃ ရက်မှာ ကျင်းပတဲ့ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ထည့်သွင်းပြောကြားခဲ့ပါတယ်။ မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ စပါးအထွက်နှုန်းတိုးတက်စေရေးနှင့် စပါးအထွက်နှုန်း လျော့ကျမသွားစေရေးအတွက် ဓာတ်မြေဩဇာများကို အစိုးရ၏ သက်သာတဲ့နှုန်းထားနဲ့ ရောင်းချပေးနိုင်ခြင်း ရှိ၊ မရှိ နှင့်စပ်လျဉ်း၍ ကချင်ပြည်နယ်အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးစိန်လွင်ဦး၏ မေးခွန်းကို ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဒုတိယဝန်ကြီးရဲ့ပြောကြားချက်အရ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေးဦးဆောင်ကော်မတီက ရန်ကုန်အထိုင် ရည်ညွှန်းဈေးကိုအခြေခံကာ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် တင်ချခများကို ထည့်သွင်းတွက်ချက်ပြီး သက်ဆိုင်ရာဒေသများအရောက် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ဦးဆောင်ကော်မတီ အနေနဲ့ ဓာတ်မြေဩဇာများ၏ အရည်အသွေး မှန်ကန်မှု၊ သိုလှောင်ဈေးကစားမှု ရှိ၊ မရှိတို့ကိုလည်း အနီးကပ်ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီး ဦးသိုက်စိုးက ပြောကြားခဲ့ပါတယ်။ (NVS 008)

06 Jul

ADVERTISE HERE .