“ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေး ဒုတိယဝန်ကြီး ဦးမျိုးမြင့် ကွင်းဆင်းစစ်ဆေး”
06 Jul
ချင်းပြည်နယ်၊ ဖလမ်းမြို့ရှိ ဆူရ်ဘုန်လေဆိပ် ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ဖလမ်းမြို့ စည်ပင်သာယာဈေး ပြန်လည်လည်ပတ်နေမှုတို့ကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်နှင့် တာဝန်ရှိသူများက ဇူလိုင်လ ၃ ရက်မှာ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရပါတယ်။ စစ်ဆေးမှုအတွင်း ဆူရ်ဘုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆,၀၀၀ အမြင့်မှာတည်ရှိပြီး လေယာဉ်ပြေးလမ်းအရှည်မှာလည်း ပေ ၆,၀၀၀ ရှိကြောင်း သိရပါတယ်။ အဆိုပါလေဆိပ်မှာ ၂၀၂၀ ခုနှစ် ဇွန်လ ၂၆ ရက်၌ Beech လေယာဉ်နဲ့လည်းကောင်း၊ အောက်တိုဘာလ ၂၇ ရက်၌ ATR 72-600 လေယာဉ်နဲ့ လည်းကောင်း အောင်မြင်စွာ စမ်းသပ်ဆင်းသက်နိုင်ခဲ့ကြောင်း သိပါတယ်။ လက်ရှိမှာ လေယာဉ်ပြေးလမ်းမျက်နှာပြင်မှာ အခြေအနေကောင်းမွန်နေသော်လည်း လေယာဉ်ပြေး လမ်းမီးများ၊ လေကြောင်းလုံခြုံရေး၊ လေကြောင်းဆက်သွယ်ရေးနှင့် လေကြောင်းလမ်းညွှန်ဆိုင်ရာ စက်ပစ္စည်းများမှာ ပျက်စီးနေပြီး လေဆိပ်အဆောက်အအုံ၊ လေကြောင်းထိန်းမျှော်စင်၊ မီးသတ်အဆောက်အအုံနှင့် DVOR အဆောက်အအုံ တို့လည်း တစ်စိတ်တစ်ပိုင်း ထိခိုက်ပျက်စီးနေတာဖြစ်ပါတယ်။ ဆူရ်ဘုန်လေဆိပ်ကို ပြန်လည်ဖွင့်လှစ်နိုင်ပါက ချင်းပြည်နယ်အတွင်း သယ်ယူပို့ဆောင်ရေး ပိုမိုအဆင်ပြေ လာမှာဖြစ်တဲ့အပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် လိုအပ်တဲ့ပစ္စည်း များကို လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့က ဖလမ်းမြို့ စည်ပင်သာယာဈေးသို့သွားရောက်၍ ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးပတ်ဝန်းကျင်သန့်ရှင်းသာယာရေးနှင့် စားသောက်ကုန်များ ကျန်းမာရေးနှင့်ညီညွတ်စေရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါတယ်။ (NVS 008)