“ယုံကြည်စိတ်ချရသော အိမ်ခြံမြေအကျိုးဆောင်များဖြစ်လာရန် တိုက်တွန်း”
06 Jul
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး က အိမ်ခြံမြေအကျိုးဆောင် များအနေဖြင့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(AML/CFT) ညွှန်ကြားချက် များကို တိကျစွာလိုက်နာကာ နိုင်ငံတော်နှင့်ပြည်သူကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ကြရန် တိုက်တွန်း ပြောကြားခဲ့ပါတယ်။ AML/CFT ညွှန်ကြားချက်ဆိုင်ရာ အသိပညာပေးအခမ်းအနားနှင့် အိမ်ခြံမြေဆိုင်ရာ အဆင့်မြင့်ပညာပေး သင်တန်း အမှတ်စဉ် (၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၄ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ Sky Star Hotel မှာ ကျင်းပပြုလုပ်စဉ်မှာ ဒေါက်တာ မေသန်းနွယ် က အထက်ပါအတိုင်း တိုက်တွန်းပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ မေသန်းနွယ် က အိမ်ခြံမြေ လုပ်ငန်းဟာ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ပေးတဲ့ အရေးပါသည့်ကဏ္ဍတစ်ခုကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် လုပ်ငန်းဆိုင်ရာဗဟုသုတများကို ကျွမ်းကျင်စွာ သိရှိနားလည်ထားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သင်တန်းမှာ စည်ပင်သာယာရေး ဆိုင်ရာ မြေယာမူဝါဒများ၊ အခွန်ဆိုင်ရာကိစ္စရပ်များ၊ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ဗဟုသုတများကို သင်ကြားပို့ချ ပေးမှာဖြစ်တာကြောင့် လုပ်ငန်းခွင်တွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။ အိမ်ခြံမြေအကျိုးဆောင်များအနေဖြင့် AML/CFT ညွှန်ကြားချက်များနှင့် လုပ်ငန်းဆိုင်ရာ အဆင့်မြင့်ပညာ ရပ်များကို စနစ်တကျလိုက်နာကျင့်သုံးကာ ကျင့်ဝတ်သိက္ခာရှိပြီး ယုံကြည်စိတ်ချရသော အိမ်ခြံမြေအကျိုးဆောင်များ ဖြစ်လာစေရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ယင်းမှတစ်ဆင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို တစ်ဖက်တစ်လမ်းမှ ကာကွယ်စောင့်ရှောက်ပေးကြရန်လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ (NVS 008)