“၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင်စီနယ်မြေ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်သွားမည်”
05 Jul
၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော်ကောင်စီ နယ်မြေ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၃ ရက် နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည့် ပြည်ထောင်စုအဆင့် ပြည်ပတင်ပို့မည့် ဆန်စပါး စိုက်ပျိုးရေးဇုန်(Rice Export Zone) လုပ်ငန်းကြီးကြပ်မှုကော်မတီ ညှိနှိုင်းအစည်းအဝေး(၁/၂၀၂၆)မှ သိရပါတယ်။ အဆိုပါအစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က အမှာစကား ပြောကြားပြီး ကော်မတီဝင်များနှင့် အစည်းအဝေးတက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးသီးနှံ၌ ဆောင်ရွက်မည့် Rice Export Zone အစီအစဉ်ကို နေပြည်တော် ကောင်စီနယ်မြေ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်သွားမည်ဖြစ်ရာ စုစုပေါင်းဧက ၃ ဒသမ ၄ သိန်းကျော်တွင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းတွင်ပါဝင်သည့် တောင်သူ များအား တစ်ဧကလျှင် ငွေကျပ် ၇ ဒသမ ၅ သိန်းနှုန်း ပံ့ပိုးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ငွေကျပ် သုံးသိန်းနှုန်း၊ ပါဝင်ဆောင်ရွက်မည့် Exporter ကုမ္ပဏီမှ ငွေကျပ်နှစ်သိန်းနှုန်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ် ၂ ဒသမ ၅ သိန်းနှုန်းဖြင့်ပံ့ပိုး၍ Rice Export Zone အစီအစဉ်ကို အောင်မြင်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)