“မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ် လက်မှတ်ရေးထိုး”
05 Jul
လာအိုနိုင်ငံ၌ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်အတွင်း မြန်မာ-လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအရ မြန်မာ-လာအိုနယ်စပ်ရှိ မဲခေါင် မြစ်ကြောင်းတစ်လျှောက် ရေအားလျှပ်စစ်စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဖြစ်နိုင်ခြေစူးစမ်း လေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို ဇူလိုင်လ ၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စက်မှုနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးတက်ရောက်ခဲ့ပြီး ယခုစီမံကိန်းသည် မြန်မာ-လာအိုချစ်ကြည်ရေး၏ ပြယုဂ်တစ်ခုဖြစ်ပြီး မြန်မာ-လာအိုလျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ မူဘောင်အတွင်းမှ နှစ်နိုင်ငံအစိုးရများ၏ သဘောတူညီ ချက်ဖြင့်ဆောင်ရွက်သော စီမံကိန်းဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသသာမက မဟာမဲခေါင်မြစ်ဝှမ်းဒေသ တစ်ခုလုံး အတွက် အကျိုးကျေးဇူးများရရှိနိုင်မည့် စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်း၏ ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုများနှင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် အကျိုးသက်ရောက်မှုဆန်းစစ်မှုများ အမြန်ဆုံးပြီးမြောက်စေရန်နှင့် စီမံကိန်း လျင်မြန်စွာအကောင်အထည်ဖော် ဆောင်နိုင်ရန်အတွက် လာအိုအစိုးရဘက်က အကောင်းဆုံးပံ့ပိုးလမ်းညွှန် ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော် က ယခုချုပ်ဆိုသော ပူးတွဲ သဘောတူစာချုပ်သည် မြန်မာနှင့်လာအိုနယ်စပ်ရှိ မဲခေါင်မြစ်ပေါ်တွင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့အတွက် အထူးစီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းပြီးစီးပါက ဒေသတွင်းလိုအပ်နေသော လျှပ်စစ် ဓာတ်အားကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် အာဆီယံဒေသတွင်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍ ရည်မှန်းချက် ပြည့်မီရေး အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် နှစ်နိုင်ငံဒုတိယဝန်ကြီးများ ရှေ့မှောက်တွင် မြန်မာ-လာအိုနယ်စပ် မဲခေါင်မြစ်ရေအားလျှပ်စစ် စီမံကိန်း ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုဆိုင်ရာ ပူးတွဲသဘောတူစာချုပ်ကို မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့မှ တာဝန် ပေးအပ်ခဲ့သည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက လက်မှတ်ရေးထိုးလဲလှယ်ခဲ့ကြပါတယ်။ အဆိုပါရေအားလျှပ်စစ်စီမံကိန်းတွင် ခန့်မှန်းတပ်ဆင်အင်အား ၂,၇၉၀ မဂ္ဂါဝပ်အထိ ထွက်ရှိနိုင်သော စီမံကိန်းဖြစ်ပြီး ဖြစ်နိုင်ခြေစူးစမ်းလေ့လာမှုလုပ်ငန်းများကို ၃၄ လအတွင်း ပြီးစီးစေရန် မြန်မာနှင့် လာအိုကုမ္ပဏီတို့က ပူးပေါင်းသွားကြမှာဖြစ်ပါတယ်။(NVS 008)