“မြန်မာ-လာအိုနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး”

04 Jul

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်(State Visit) ရောက်ရှိ နေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် အား ဇူလိုင်လ ၃ ရက် နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ် က လာအိုသမ္မတအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲဖြင့်ကြိုဆိုခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က လာအိုနိုင်ငံ ဗီယင်ကျန်းမြို့ရှိ လာအိုနိုင်ငံသမ္မတ အိမ်တော် အစည်းအဝေးခန်းမ၌ လာအိုနိုင်ငံသမ္မတ မစ္စတာ ထောင်လွန်းဆီဆုလစ် နှင့် မြန်မာ- လာအို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာ-လာအိုနှစ်နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက် မှုရှိသည့် ဆက်ဆံရေးကို အာဆီယံမျက်နှာစာတွင်သာမက ကမ္ဘာ့နိုင်ငံများအလယ်တွင်ပါ ကောင်းမွန်သည့် ပြယုဂ် တစ်ခုအဖြစ်ရောက်ရှိအောင် မြှင့်တင်ဆောင်ရွက်သွားမည့်အကြောင်း၊ မြန်မာနှင့်လာအိုနိုင်ငံတို့သည် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနိုင်ငံအဖြစ် ထူထောင်မည့်အကြောင်း၊ အနာဂတ်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ယခုထက်ပိုမိုတိုးမြှင့်ဆောင်ရွက်သွားလိုကြောင်းနှင့် မြန်မာ-လာအို ချစ်ကြည်ရေးတံတားမှတစ်ဆင့် ကူးသန်း ရောင်းဝယ်ရေးနှင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုနှင့် ပြည်သူအချင်းချင်း အပြန်အလှန်ကူးလူးဆက်ဆံရေး တိုးမြှင့် သွားနိုင်မည့်အခြေအနေများ၊ ကာကွယ်ရေး၊ ခရီးသွား၊ ကုန်ထုတ်လုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊ နယ်စပ်ဒေသရှိ ပြည်သူများ ဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များကို ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီးတွင် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာများ လဲလှယ်ခြင်းအခမ်းအနားကို ဆက်လက် ကျင်းပခဲ့ရာ ခရီးသွားလုပ်ငန်းဆိုင်ရာနားလည်မှုစာချွန်လွှာနှင့် မြန်မာနိုင်ငံမြို့တော် နေပြည်တော်နှင့် လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းမြို့တို့အကြား ညီအစ်မမြို့တော် တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာတို့ကို အပြန်အလှန် လဲလှယ်ခဲ့ကြပြီး လာအိုနိုင်ငံအတွက် မြန်မာနိုင်ငံကလှူဒါန်းသည့် မြွေဆိပ်ဖြေဆေး အလုံးရေ ၆၄၀ ကို ပေးအပ် လှူဒါန်းခဲ့ပါတယ်။(NVS 008)

04 Jul

ADVERTISE HERE .