“အားကောင်းသောအယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် နယူးဇီလန်၌ မိုးခေါင်မှုနှင့်တောမီးလောင်မှုများ ဖြစ်နိုင်”
03 Jul
အပူပိုင်းပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသည့် အားကောင်းသော အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် လာမည့်လများအတွင်း နယူးဇီလန်နိုင်ငံ၌ မိုးခေါင်မှုများနှင့် တောမီးလောင်မှုများ ဖြစ်ပေါ်စေနိုင်သည်ဟု နယူးဇီလန်နိုင်ငံ ကမ္ဘာမြေသိပ္ပံဌာနက ထုတ်ပြန်ထားသည်။ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်မှာ ဖြစ်ပေါ်နေပြီဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်သည် လက်ရှိအချိန်အထိ မှတ်တမ်းများအရ အားအကောင်းဆုံးအယ်လ်နီညိုဖြစ်လာစေမည်ဖြစ် ကြောင်းနှင့် ၂၀၂၇ ခုနှစ်အထိ ရာသီဥတုပုံစံများကို ပြောင်းလဲစေနိုင်မည်ဟု ကမ္ဘာမြေသိပ္ပံဌာန၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ယခင်မှတ်တမ်းများအရ နယူးဇီလန်နိုင်ငံမြောက်ပိုင်းနဲ့ အရှေ့ပိုင်းနယ်မြေတွေမှာ ရာသီဥတုက ပုံမှန်ထက် ပိုမိုပူပြင်းခြောက်သွေ့လာနိုင်ပြီး ထိုအချိန်မှာပဲ နိုင်ငံအနောက်ပိုင်းဒေသဖြစ်သည့် တောင်ကျွန်းမှာ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ဖြစ်လာနိုင်ကြောင်း ကမ္ဘာမြေသိပ္ပံဌာနနှင့် မိုးလေဝသဌာနတို့က ပူးတွဲထုတ်ပြန်ထားသည်။ ထို့ပြင် အလွန်နည်းပါးသောမိုးရေချိန်နှင့်အတူ ယှဉ်တွဲဖြစ်ပေါ်လာမည့် လေပူတိုက်ခတ်မှုများကြောင့် မြေမျက်နှာပြင်များ ခြောက်သွေ့ပြီး တောမီးလောင်မှုဖြစ်ပွားနိုင်သည့်အန္တရာယ်ကို မြင့်မားစေနိုင်ကြောင်း မိုးလေဝသပညာရှင် တွန်းစတား က ပြောသည်။ အလားတူ ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေများ ဖြစ်ပေါ်သည့်အတွက် မြေအောက်ရေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသောကြောင့် သောက်သုံးရေ အခက်အခဲများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များက ပြောသည်ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။